လစာတိုးပေးခဲ့သည့် စီအီးအိုအတွက် ကုမ္မဏီဝန်ထမ်းများက ကားသစ်တစ်စီး ၀ယ်ပေး

လစာတိုးပေးခဲ့သည့် စီအီးအိုအတွက် ကုမ္မဏီဝန်ထမ်းများက ကားသစ်တစ်စီး ၀ယ်ပေး

ဇူလိုင် ၁၆ ။              ။ အမေရိကန်နိုင်ငံ Seattle မြို့အခြေစိုက် ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္မဏီငယ်တစ်ခုဖြစ်သည့် Gravity Payments မှ ဝန်ထမ်းများသည် ၎င်းတို့၏ စီအီးအို အတွက် Tesla ကားသစ်တစ်စီး စုဝယ်ပေးခဲ့ကြကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကုမ္မဏီရဲ့စီအီးအိုဖြစ်သူက ဝန်ထမ်းများ၏လစာနှုန်းထားပိုင်းတွင် လောက်လောက်လားလား တိုးမြင့်သတ်မှတ်ပေးခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဝန်ထမ်းများက ပြန်လည်ကျေးဇူးဆပ်သည့်အနေဖြင့် ကားသစ်တစ်စီး လက်ဆောင်ပြန်ဝယ်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Gravity Payments ကုမ္မဏီ စီအီးအိုဖြစ်သူ ဒန်းပရိုက်စ်က " ဝန်ထမ်းတွေက ပြီးခဲ့တဲ့ခြောက်လအတွင်း ပိုက်ဆံစုကြတယ်လေ၊ ပြီးတော့ ကျွန်တော့်အတွက်ဆိုပြီး ကားသစ်တစ်စီး ဝယ်လာပေးပါတယ်၊ ကျွန်တော်အရမ်းကိုလိုချင်ခဲ့တဲ့ကားပါပဲ" ဟု ဖေ့ဘုတ်ပေါ်တွင် ရေးတင်ထားခဲ့သည်။

ယမန်နှစ်တုန်းက ဝန်ထမ်းပေါင်း ၁၃၀လုံး၏ တစ်နှစ်တာ လစာနှုန်းထားကို ဒေါ်လာ ၇၀,၀၀၀ ထိ တိုးပေးရန် စီအီးအိုဖြစ်သူ ပရိုက်စ်၏ ဆုံးဖြတ်ချက်ကြောင့် ယခုကဲ့သို့ ဝန်ထမ်းများက   ပြန်လည်ကျေးဇူးဆပ်ခဲ့ခြင်းဖြစ်သည်ဟု ကုမ္မဏီပြောခွင့်ရပုဂ္ဂိုလ် ရိုင်ယန် ပါကယ်က ဆိုသည်။

Gravity Payments  စီအီးအို ပရိုက်စ်သည် ယမန်နှစ်က လူအများအံ့အားသင့်လောက်အောင် ၎င်းလက်အောက်မှ ဝန်ထမ်းအားလုံးကို လစာအချီကြီးတိုးပေးထားခဲ့သကဲ့သို့ ၎င်းကိုယ်တိုင်၏ လစာနှုန်းထားကိုလည်း ယခင်က တစ်နှစ် ဒေါ်လာ ၁ သန်းကျော်မှ လျှော့ကာ ဒေါ်လာ ၇၀,၀၀၀ သာယူတော့မည်ဟု ပြောကြားထားခဲ့သူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required