ဦးနေမျိုးဝေကို တရားရှင်လွှတ်ပေးလိုက်ပြီ

ဦးနေမျိုးဝေကို တရားရှင်လွှတ်ပေးလိုက်ပြီ

ရန်ကုန်၊ ဇူလိုင် ၁၅ ။              ။ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲခံထားရသည့် ဦးနေမျိုးဝေအား ကန်ကြီးထောင့် တရားရုံးက တရားရှင်လွှတ်လိုက်သည်။

ဇူလိုင်လ ၁၅ ရက်က ၁၃ ကြိမ်မြောက်ရုံးချိန်းတွင် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် တရားသူကြီးက ဦးနေမျိုးဝေတွင် အပြစ်မရှိကြောင်းအမိန့်ချကာ ယခုကဲ့သို့ တရားရှင် လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

"တရားဥပဒေက ဖြောင့်မတ်မှန်ကန်ခြင်းရှိမရှိကို ကျွန်တော်တို့က သံသယဖြစ်တယ်။ တရားဥပဒေက ဖြောင့် မတ် မှန်ကန်ခြင်းမရှိရင် ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ တရားဥပဒေကို ဘယ်လိုလုပ်အားကိုးပြီးတော့ ဆက်လုပ်မလဲ" ဟု ဦးနေမျိုးဝေအား တရားစွဲဆိုခဲ့သူ ဦးဝေယံအောင်က ပြောသည်။

နိုင်င်ငံတော်သမ္မတအပါအဝင် နိုင်ငံ့အကြီးအကဲများကို လူမှုကွန်ရက်တွင် ပုတ်ခတ်ရေးသားခဲ့သည်ဟုဆိုကာ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေအား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ မြန်မာနိုင်ငံလုံးဆိုင် ရာ ဆရာ၊ ဆရာမများသမဂ္ဂအဖွဲ့ချုပ်မှ ဦးဝေယံအောင်က တရားလိုပြုကာ ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ရဲစခန်းမှာ ၂၀၁၅ ခုနှစ် မေလ ၂ရက်နေ့က အမှုဖွင့်ခဲ့ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

"သူ့ဖုန်းထဲမှာ မိတဲ့ ဓာတ်ပုံတွေဟာ ဦးနေမျိုးဝေနဲ့ မသက်ဆိုင်ဘူး။ အဲဒီဓာတ်ပုံတွေဟာ Viber ကနေ ပို့တဲ့ ဓာတ်ပုံ ဖြစ်တယ်။ ဦးနေမျိုးဝေနဲ့ မသက်ဆိုင်ဘူးဆိုပြီး စွဲချက်မတင်ဘဲနဲ့ တရားရှင် လွှတ်တာပါ။ Viber ကနေပို့တယ်ဆိုရင် ဘယ်သူပို့သလဲ ပို့တဲ့လူကို စစ်ဆေးဖို့ မလိုဘူးလားဆိုတာရှိတယ်လေ။ နောက် ကျွန်တော့ဘက်ကလည်း ခိုင်မာတဲ့ သက်သေတွေ စစ်ဆေးဖို့ လိုမယ်လေ။ အခုတော့ ကျွန်တော့ဘက်က ခိုင်မာတဲ့ သက်သေလည်းမစစ်ဘူး။ Viber ကပို့တဲ့ဆိုတာလဲ စွပ်စွဲခံရတဲ့လူဘက်ကလည်း ဘာမှတင်ပြ နိုင်တာမရှိဘူး"ဟု တရားလိုက ဦးနေမျိုးဝေအား တရားရှင်လွှတ်ပေးလိုက်ခြင်းနှင့် ပတ်သက်၍ ရှင်းပြသည်။

လက်ရှိတွင် မည်သို့ ဆက်လက်လုပ်ဆောင်မည်ကို တရားလို၏ ဥပဒေအရာရှိနှင့် တိုင်ပင်နေကြောင်းလည်း ၎င်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required