"တပ်မတော်မှာအများစုက ငြိမ်းချမ်းရေးကိုအမှန်တကယ်လိုလားကြပါတယ်"

"တပ်မတော်မှာအများစုက ငြိမ်းချမ်းရေးကိုအမှန်တကယ်လိုလားကြပါတယ်"

တပ်မတော်ခေါင်းဆောင်အများစုသည် တိုင်းရင်းသားတို့၏  ခံစားချက်ကိုနားလည်သဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အလားအလာကောင်းသည်ဟုထင်ရှားသည့် ချင်းတိုင်းရင်းသား နိုင်ငံရေးသမားတစ်ဦးကပြောသည်

တပ်မတော်နှင့် တိုင်းရင်းသားလူမျိုးစုများသည် နိုင်ငံ၏ ဆိုးမွေကိုအတူတကွ ခံစားနေရသူများ ဖြစ်သည့်အတွက် အပြန်အလှန် အပြစ်တင်နေပါကဖြေရှင်းရမည့် ပြဿနာများ   ပြေလည်မည် မဟုတ်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံကြိုတင်ပြင်ဆင်ရေးကော်မတီဝင်တစ်ဦး ဖြစ်သူ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောလိုက်သည်။

နိုင်ငံတကာအတွေ့အကြုံများပြားသည့် ဆလိုင်းလျန်မှုန်းသည်  တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)တွင် လက်မှတ်ထိုးပြီးဖြစ်သည့်  ချင်းအမျိုးသားတပ်ဦး၏ ဒုဥက္ကဋ္ဌတစ်ဦးလည်း ဖြစ်သည်။

မကြာသေးမီက Myanmar Now သတင်းထောက် ဖြိုးသီဟချိုနှင့် တွေ့ဆုံစဉ် တပ်မတော်နှင့် ဆက်ဆံရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲအလားအလာ၊ တိုင်းရင်းသားအရေးတို့နှင့် ပတ်သက်ပြီး ဆလိုင်းလျန်မှုန်း ပြောပြထားသည်များထဲမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး - ၂၁ရာစုပင်လုံနဲ့ NCA နှစ်ခုကြားက အဆက်အစပ်က ဘယ်လိုရှိပါသလဲ။

ဖြေ -   NCA မှာ ကျွန်တော်တို့ သဘောတူထားတဲ့အခြေခံအချက်က ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ထောင်ရမယ်ဆိုတာပါပဲ။ ဒီအချက်က နိုင်ငံရေးအရဆိုရင်တော့ အရေးအပါဆုံးပါပဲ။ ဒုတိယအရေးကြီးဆုံးက အဆင့်၇ဆင့်ပါတဲ့ နိုင်ငံရေးလမ်းပြမြေပုံပါပဲ။  (၁)က NCA လက်မှတ်ထိုးရမယ်။ (၂)က နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ သဘောတူညီချက်ယူရမယ်။ (၃) အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲလုပ်ရမယ်။  (၄)က ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံလုပ်ရမယ်။ (၅)က ပြည်ထောင်စုသဘောတူစာချုပ်ချုပ်ရမယ်။ (၆) ဒါကို ပြည်ထောင်စုလွှတ်တော်မှာတင်သွင်းရမယ်။  (၇)ဒါကိုအကောင်အထည်ဖော်ရမယ်ဆိုပြီး လုပ်ထားတယ်။ ခုက၂၁ရာစုပင်လုံညီလာခံဆိုပြီးတော့ သုံးလာကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပါတဲ့အစည်းအဝေးမှာ NLDဘက်ကပြောတာက NCAစာချုပ်ပေါ်မှာအခြေခံရမယ်။

အဲဒီနေ့ကဒေါ်အောင်ဆန်းစုကြည်ကမိန့်ခွန်းပြောတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဆိုတာက နာမည်လည်းလှတယ်။ အနှစ်သာရလည်းပြည့်ဝတယ်။ ၂၁ရာစုပင်လုံဆိုတာကလည်း နာမည်လည်းလှတယ်။ အနှစ်သာရလည်း ပြည့်ဝတယ်။ ပြီးတော့ (၁၉၉၈ မှာ NLD နဲ့ တိုင်းရင်းသားလူမျိုးစုပါတီတွေ စုပေါင်းတည်ထောင်တဲ့) ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီခေတ်ကတည်းက ၂၁ရာစု ပင်လုံညီလာခံဆိုတာ သုံးလာကြတာ၊ အဲဒီဆက်စပ်မှုကိုဖော်ချင်တယ်။အဲဒီအတွက်ကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံဆိုပြီးတော့ သုံးထားတယ်။ ဆက်စပ်မှုက အဲဒီမှာခိုင်မာသွားတာပေါ့။

မေး -  ငြိမ်းချမ်းရေးညီလာခံရဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အကြောင်း ပြောပြပေးပါ။

ဖြေ -  NLDရွေးကောက်ပွဲနိုင်ပြီး ဒီဇင်ဘာလ၁၈ရက်နေ့မှာ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တယ်။ အဲဒီမှာ သူနဲ့ကျွန်တော်တို့နဲ့ သဘောတူညီချက်က မူဘောင်ကိုရေးဆွဲတဲ့အခါမှာ ပြောင်းလွယ် ပြင်လွယ်ဖြစ်ရမယ်ဆိုပြီး သဘောတူထားတယ်။  NCAလမ်းကြောင်းပေါ်မှာတော့ အခြေခံမယ်။ ဘာကြောင့်လဲဆိုတော့ ဦးသိန်းစိန်အစိုးရသက်တမ်းကုန်ဆုံးပြီး NLDအစိုးရတက်တဲ့အချိန်မှာ လူအပြောင်းအလဲလုပ်ဖို့လိုမယ်။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေထဲမှာ NCAကို လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းတွေလာရင်လည်း သူတို့ဆန္ဒကိုဖော်ပြပေးဖို့လိုတယ်။ အဲဒီအတွက်ကြောင့် မူဘောင်ကိုတော့ ပြောင်းလွယ်ပြင်လွယ် ဖြစ်အောင် လုပ်ရမယ်လို့ ကျွန်တော်တို့သဘောတူညီမှုရခဲ့တယ်။

ဒီတော့ ကျွန်တော်တို့ခုလုပ်နေတာက NCAလမ်းကြောင်းနဲ့လည်း ကိုက်ညီတယ်။ ပြီးတော့ ရှစ်လေးလုံးအရေးတော်ပုံကနေပြီးတော့ ကျွန်တော်တို့မျှော်မှန်းထားတဲ့ မျှော်မှန်းချက်တွေနဲ့လည်း ကိုက်ညီနေတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်ကတော့ မျှော်လင့်ချက်ကြီးကြီးမားမားကိုထားတယ်။ အောင်မြင်မယ်လို့လည်း မျှော်လင့်တယ်။ တပ်မတော်ကလည်း NCAကို လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းတစ်ရပ်အနေနဲ့ အပြည့်အဝထောက်ခံတယ်ဆိုတာကို သွားပြီးသတိထားမိတယ်။

မေး - တပ်မတော်က မဟာလူမျိုးကြီးဝါဒကျင့်သုံးတယ်ဆိုပြီး ဝေဖန်သူတွေရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ဖြေ - မဟာလူမျိုးကြီးဝါဒကို ကျင့်သုံးတယ်ဆိုတာ လက်ရှိတပ်မတော်လား၊ လက်ရှိတပ်မတော်က နာမည်ဆိုးကို အမွေဆက်ခံနေရတာလား၊ ဒါကိုခွဲပြီးတော့ကြည့်ဖို့လိုတယ်။ မဟာလူမျိုးကြီးဝါဒကိုကျင့်သုံးခဲ့ပြီး တပ်မတော်ကို အလွဲသုံးစားလုပ်ခဲ့တဲ့လူတွေက ၁၉၆ဝကာလလောက်က တပ်မတော်လို့ ကျွန်တော်ပြောချင်တယ်။ အဲဒီအရှိန်အဝါကြီးက ကြီးနေတော့ ၁၉၉ဝ နအဖ၊ နဝတ စစ်အစိုးရအထိတောင် အရှိန်ကမသေဘူး။ ဒါပေမယ့် ကျွန်တော် ၂နှစ်၊ ၃နှစ်လောက် တပ်မတော်နဲ့ ဆွေးနွေးလာခဲ့တော့… လက်ရှိတပ်မတော်မှာ အများစုက ငြိမ်းချမ်းရေးကိုအမှန်တကယ်လိုလားကြပါတယ်။ ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေကိုလည်း နားလည်ကြပါတယ်။ ဒီပြည်တွင်းစစ်ပြဿနာ၊ ဒီတိုင်း ပြည်ရဲ့ ပြဿနာစပေါ်တုန်းက ကျွန်တော်တို့အားလုံးဟာ မွေးတောင်မမွေးသေးပါဘူး။ ကျွန်တော်တို့အားလုံးက ဒီတိုင်းပြည်ရဲ့ ဆိုးမွေကို အတူတကွခံစားနေရတာပါ။ ဘယ်သူကမဟာလူမျိုးကြီးဝါဒသမားလဲ၊ ဘယ်သူကကျဉ်းမြောင်းတဲ့လူမျိုးရေးအမြင်ရှိသူလဲ ဆိုပြီးတော့ အချင်းချင်းအပြစ်တင်ပြီး ရန်ရှာနေတာထက် ပေါင်းပြီးတော့လုပ်မှဖြစ်မယ်။ တိုင်းပြည်ပြဿနာကို အတူတကွ ဖြေရှင်းဖို့လိုတယ်ဆိုတဲ့ ခံစားချက်မျိုးနဲ့ ချဉ်းကပ်မယ်ဆိုရင်တော့ ဒီပြဿနာပြေလည်မှာဖြစ်တယ်။ အဲလိုမှမဟုတ်ဘဲ တပ်မတော်က ကျွန်တော်တို့တိုင်းရင်းသားတွေက ိုအပြစ်တင်လိုက်၊ ကျွန်တော်တို့က တပ်မတော်ကိုအပြစ်တင်လိုက်၊ NLDကို ကြားမှာခံလိုက်နဲ့တော့ ဒီပြဿနာဟာပြေလည်မှာ မဟုတ်ပါဘူး။

မေး -   NLDဟာ တိုင်းရင်းသားပြဿနာကို ဖြေရှင်းရာမှာ အကြပ်ရိုက်သွား၊ ကြားညပ်သွားနိုင်ပါသလား။

ဖြေ - မညပ်နိုင်ပါဘူး။ ပြန်စဉ်းစားကြည့်ပါ။ ပြည်တွင်းစစ်ကိုအကြောင်းပြပြီးတော့ စစ်အာဏာရှင်စနစ် ကြာရှည်လာတယ်။ လူထုကမခံနိုင်တော့ ၁၉၈၈ အရေးတော်ပုံကြီး ပေါ်ပေါက်လာတယ်။ NLD ပေါ်ပေါက်လာခဲ့တယ်။ ၁၉၉ဝ အလွန်ကာလတွေတုန်းက နိုင်ငံတကာက ကျွန်တော်တို့နိုင်ငံရဲ့ ပြဿနာကို ဒီမိုကရေစီနဲ့ စစ်အာဏာရှင်ပြဿနာလို့ပဲမြင်တယ်။ တိုင်းရင်းသားပြဿနာကို တွဲမမြင်ကြဘူး။ သူတို့နိုင်ငံတကာက သိထားတာက The Beauty and the beast ပေါ့၊ အလှမယ်လေးကတော့ အိမ်ထဲမှာ အကျယ်ချုပ်ခံထားနေရတယ်။ စစ်ဘီလူးတွေက အပြင်မှာသောင်းကျန်းနေကြတယ်ပေါ့၊ The Beauty ကို လာကယ်ချင်ကြတယ်၊ ကျွန်တော်တို့ တိုင်းရင်းသားပြဿနာကိုပြောမယ်ဆိုရင်တော့ သူတို့နားမထောင်ချင်ကြဘူး။ လက်ရှိအနေအထားမှာ NCAက ဘာကြောင့်အရေးကြီးနေလဲဆိုတော့ အဓိကအခြေခံအကြောင်းအရာဖြစ်တဲ့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက လက်မှတ်ထိုးထားတာဖြစ်နေတယ်။ အဲဒါကြောင့် ဒီအပေါ်မှာ အခြေခံပြီးတော့ ပြဿနာကိုဖြေရှင်းမယ်ဆိုရင် ကျွန်တော်တို့ကအခြေခံကို ကိုင်ပြီးသားဖြစ်မယ်။

မေး- ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး၊ ကာကွယ်ရေး၊ လုံခြုံရေးကိစ္စတွေကို ၂၁ရာစုပင်လုံညီလာခံမှာဆွေးနွေးသွားမယ်။ ကျန်တဲ့စီးပွားရေး၊ လူမှုရေးဆိုင်ရာတွေကို CSO Forum လို့ ခေါ်တဲ့ အရပ်ဘက်အဖွဲ့များနဲ့ တွေ့ဆုံပွဲမှာ ဆက်လက်ပြီးတော့ ဆွေးနွေးမယ်လို့သိရတယ်။

ဖြေ - ပြည်တွင်းစစ်က ထပ်ဆင့်ဖန်တီးလိုက်တဲ့ပြဿနာတွေရှိတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့လိုတယ်။ ဒီတော့လူမှုရေးကဏ္ဍမှာ ဖော်ပြလိုက်တဲ့ ပြန်လည်နေရချထားရေးလို ကိစ္စမျိုးတွေက နိုင်ငံရေးဆွေးနွေးပွဲမှာ မဆွေးနွေးဘဲ CSO ကို သွားပို့လိုက်တာဟာ လက်တွေ့မကျဘူး။ ပြီးတော့မြေယာကိစ္စ…။ ပြည်တွင်းစစ်စဖြစ်တုန်းက ကရင်အများစုက ဧရာဝတီတိုင်းနဲ့ရန်ကုန်မှာနေတယ်။ ဒီတော့ သူတို့ပြန်လာရင် ဘယ်ကိုလာမလဲ။ ဒါတွေကို လူမှုရေးကဏ္ဍဆိုပြီး သွားထားလို့မရဘူး။

မေး - ၂၁ရာစုပင်လုံညီလာခံမှာ နိုင်ငံရေး၊ လုံခြုံရေးနဲ့ပတ်သက်ပြီး သဘောတူညီချက်ရခဲ့ရင်တောင်မှ အခြေခံဥပဒေပြင်ဆင်ရေးကို တပ်မတော်ဘက်က လက်ခံနိုင်ပါ့မလား။

ဖြေ- အဲဒါကတော့ ကျွန်တော်တို့သဘောတူထားပြီးသား အချက်နဲ့ပြောပါ့မယ်။  NCAမှာ ကျွန်တော်တို့ဘယ်လိုရေးထားသလဲဆိုတော့ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်ကနေပြီးတော့   ပြည်ထောင်စု သဘောတူစာချုပ်ချုပ်တဲ့အခါမှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေတွေကို ပြင်ဆင်သင့်တာပြင်ဆင်ဖို့၊ ပြုပြင်သင့်တာပြုပြင်ဖို့၊ ပြောင်းလဲသင့်တာပြောင်းလဲဖို့ အခြေခံဖြစ်ရမယ်ဆိုတာကို တပ်မတော်ကလည်း သဘောတူပြီးသားဖြစ်တယ်။

မေး - ဒေါ်အောင်ဆန်းစုကြည်က ပင်လုံစိတ်ဓာတ်ကိုအခြေခံပြီးတော့ ကိုယ်ဘာပေးနိုင်မလဲဆိုတာကို စဉ်းစားကြဖို့ တိုင်းရင်းသားတွေကို တိုက်တွန်းထားတာနဲ့ ပတ်သက်ပြီးဘာပြောချင်ပါသလဲ။

ဖြေ - ကျွန်တော်တို့ ဘဝတစ်ခုလုံးကို ပေးပြီးတော့ ပင်လုံစာချုပ်မှာလက်မှတ်ရေးထိုးခဲ့တယ်။ ပြည်ထောင်စုအတွက် ကျွန်တော်တို့အားလုံးကို ပေးဆပ်ခဲ့ပြီးပြီ။ ကျွန်တော်တို့ပေးဆပ်တာကိုတော့ ခုထိ  အသိအမှတ်မပြုသေးဘူး။ အဲဒါကိုအသိအမှတ်ပြုဖို့တော့ လိုလိမ့်မယ်။ ပင်လုံစာချုပ်ကဲ့သို့သော စာချုပ် ပြန်လုပ်ဖို့လိုတယ်ဆိုတာက ကျွန်တော်တို့ မရသင့်မရထိုက်တဲ့ အခွင့်အရေးတွေ၊ မဖြစ်နိုင်တာတွေကို တောင်းဆိုဖို့မဟုတ်ပါဘူး၊ ကျွန်တော်တို့ဘိုးဘွားပိုင်မြေတွေကိုလည်း ပြည်ထောင်စုထဲမှာ ပေါင်းထည့်လိုက်ပြီးပြီ။ ကျွန်တော်တို့လူမျိုးရဲ့ကံကြမ္မာအားလုံးကိုလည်း ဒီတိုင်းပြည်ရဲ့ ကံကြမ္မာထဲမှာ ပေါင်းထည့်လိုက်ပြီ။ ယနေ့ထိ ကျွန်တော်တို့ကိ ုအသိအမှတ်မပြုသေးဘူး။ အသိအမှတ်ပြုဖို့တော့လိုပါတယ်။ ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly