အိန္ဒိယတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုးမှုဖြစ်ပွားရာ ၂၂ ဦးသေဆုံးပြီး ၁၇၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

အိန္ဒိယတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုးမှုဖြစ်ပွားရာ ၂၂ ဦးသေဆုံးပြီး ၁၇၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

ဇူလိုင် ၁၁ ။                 ။ အိန္ဒိယနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း မိုးကြီးပြီး ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ရာ အနည်းဆုံးသေဆုံးသူ ၂၂ ဦး ရှိခဲ့ပြီး လူပေါင်း ၁၇၀,၀၀၀ နေအိမ်များကို စွန့်ခွာခဲ့ကြရသည်ဟု အာဏာပိုင်များက ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန်ပြောကြားသည်။ လာမည့် ရက်များအတွင်း ဆက်လက်၍ မိုးကောင်းနေဦးမည်ဟုလည်း မိုးလေဝသ ပညာရှင်များက ခန့်မှန်းထားသည်။

နှစ်စဉ်ကျရောက်သည့် မုတ်သုံမိုးကြောင့် စိုက်ပျိုးရေးလုပ်ငန်းအတွက် အရေးကြီးလှသော်လည်း ယင်းနိုင်ငံတွင် နှစ်စဉ် မိုးကြီးပြီး ရေကြီးမှုကြောင့်လူအသေအပျောက်များ ရှိထားခဲ့သည်။ ယခုနှစ် မိုးရေချိန် မှာလည်း ပျမ်းမျှရွာသွန်းမှုအဆင့်ထက် ၃၅ ရာခိုင်နှုန်း ပိုမိုခဲ့ကြောင့် မိုးလေဝသဌာနကထုတ်ပြန်ထားသည်။

နိုင်ငံအလယ်ပိုင်း Madhya Pradesh ပြည်နယ်တွင် ရေလွှမ်းမိုးမှုများကြောင့် လူပေါင်း ၂၀ သေဆုံးခဲ့ရပြီး လူပေါင်း ၇၀,၀၀၀ နေအိမ်များမှ ထွက်ပြေးနေရကြောင်း၊ Narmada မြစ်တစ်လျှောက်ဒေသများတွင် မြစ်ရေမှာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေခဲ့ကြောင်း သိရသည်။

အလားတူ အာသံပြည်နယ်တွင်လည်း ရေကြီးမှုကြောင့် နှစ်ဦးသေဆုံးသွားခဲ့ပြီး လူပေါင်း ၁၀၀,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရသည်ဟု တာဝန်ရှိသူများက ပြောသည်။

ရေလွှမ်းမိုးနေသော ကျေးရွာများရှိ အမျိုးသမီးနှင့် ကလေးငယ်များကို ကယ်ဆယ်နိုင်ရန် ကယ်ဆယ်ရေးသမားများက ကြိုးပမ်းနေရလျက်ရှိသည်။

" ဒေသခံထောင်ပေါင်းများစွာကို ဒီနေ့ပဲ ရွှေ့ပြောင်းပေးခဲ့ရပါတယ်၊ ကယ်ဆယ်ရေးစခန်းတွေဆီ သူတို့ကို အရောက်ပို့ပေးခဲ့ပါတယ်၊ ဆက်လက်ပြီးတော့လည်း ကျန်းမာရေးဌာနကလည်း လိုအပ်တဲ့ဆေးဝါးတွေ ထုတ်ပေးနေပါပြီ" “ဟု ပြည်ထဲရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဘန်ဆန့် ဆင်းက ပြောကြားသွားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly