လူငယ်ဘောလုံးပြိုင်ပွဲတွင် ရတနာပုံအသင်း ၁၆ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ဖြင့် ဦးဆောင်နေ

လူငယ်ဘောလုံးပြိုင်ပွဲတွင် ရတနာပုံအသင်း ၁၆ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ဖြင့် ဦးဆောင်နေ
ရှုံးပွဲမရှိစံချိန်ဖြင့် အမှတ်ပေးဇယား ဦးဆောင်နေသော ရတနာပုံလူငယ်အသင်း။ (ဓာတ်ပုံ - YUFC)

ရန်ကုန်၊ ဇူလိုင် ၉၊ ။ ၂၀၁၅ ခုနှစ် အသက် ၂၁ နှစ်အောက် မြန်မာနေရှင်နယ်လိဂ် လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ရတနာပုံလူငယ် အသင်းက ၁၆ ပွဲကစားပြီးရာ၌ ၁၁ ပွဲနိုင်၊ ငါးပွဲ သရေ ရှုံးပွဲမရှိစံချိန်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေသည်။

အသက် ၂၁ နှစ်အောက် မြန်မာနေရှင်နယ်လိဂ် လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၇ အပြီးတွင် ရတနာပုံအသင်းက ရမှတ် ၃၈ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာတွင် ရန်ကုန်အသင်းက ၁၁ ပွဲနိုင်၊ သုံးပွဲ သရေ၊ တစ်ပွဲ ရှုံး ရမှတ် ၃၆ မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။ အမှတ်ပေးဇယား ထိပ်ဆုံးမှ ရတနာပုံအသင်းမှာ ရန်ကုန်အသင်း ထက် နှစ်မှတ်သာနေသော်လည်း ရန်ကုန်အသင်းထက် တစ်ပွဲပို ကစားထားသည်။

အမှတ်ပေးဇယား တတိယနေရာတွင် ဇွဲကပင်အသင်းက ခုနစ်ပွဲ နိုင်၊ ခြောက်ပွဲသရေ၊ သုံးပွဲရှုံး ရမှတ် ၂၇ မှတ်ဖြင့် ရပ်တည်နေပြီး အဆင့် ၄ နေရာတွင် ဇေယျာရွှေမြေအသင်းက ရမှတ် ၂၅ မှတ်ဖြင့် ရပ်တည်နေသည်။ အမှတ်ပေးဇယား အဆင့် ၅ နှင့် ၆ နေရာများတွင် ရခိုင်ယူနိုက်တက်အသင်းနှင့် MFF Youth အသင်းတို့က ရမှတ် ၂၄ မှတ်စီဖြင့် ရပ်တည်နေသည်။

လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၇ တွင် ရခိုင်ယူနိုက်တက်အသင်းက ဇေယျာရွှေမြေအသင်းကို ၂-၀ ဂိုး၊ ရန်ကုန်အသင်းက ဧရာဝတီအသင်းကို ၁-၀ ဂိုး၊ ရတနာပုံအသင်းက MFF Youth အသင်းကို ၁-၀ ဂိုး၊ ဇွဲကပင်အသင်းက မကွေးအသင်းကို ၂-၀ ဂိုး၊ နေပြည်တော်အသင်းက ချင်းယူနိုက်တက်အသင်းကို ၁-၀ ဂိုးတို့ဖြင့် အနိုင်ရခဲ့ပြီး ကမ္ဘောဇအသင်းနှင့် ဟံသာဝတီအသင်းတို့မှာ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့သည်။ လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ချင်းယူနိုက်တက်အသင်းက ၁၆ ပွဲကစားထားပြီး ၁၆ ပွဲစလုံး ရှုံးနိမ့် ထားကာ အမှတ်ပေးဇယား အောက်ဆုံး အဆင့် ၁၃ တွင် ရပ်တည်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required