မဘသ မလိုအပ်ကြောင်း ဝန်ကြီးချုပ်၏ ပြောဆိုမှုအတွက် ၁၄ရက်နေ့ နောက်ဆုံးထားဖြေရှင်းရန် တောင်းဆို

မဘသ မလိုအပ်ကြောင်း ဝန်ကြီးချုပ်၏ ပြောဆိုမှုအတွက် ၁၄ရက်နေ့ နောက်ဆုံးထားဖြေရှင်းရန် တောင်းဆို

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ မဘသ အဖွဲ့ရှိရန် မလိုအပ်ဟု ပြောဆိုခဲ့မှုနှင့်ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အပါအဝင် တာဝန်ရှိသူများက ယခုလ ၁၄ရက် နောက်ဆုံးထား ဖြေရှင်းရန် မဘသအဖွဲ့က တောင်းဆို လိုက်သည်။

ဝန်ကြီးချုပ်၏ ပြောဆိုမှုနှင့်ပတ်သက်၍ မဘသဦးဆောင်ဆရာတော်များက ဇူလိုင်လ ၇ ရက် နေ့လည်ပိုင်းတွင် အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက်၌ အရေးပေါ်အစည်းဝေးတစ်ရပ်   ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

" နိုင်ငံတော် တာဝန်ရှိသူုတွေအနေနဲ့ယခုနှစ် ဇူလိုင်လ ၁၄ရက်နေ့နောက်ဆုံးထားပြီးတော့ တာဝန်ယူ ဖြေရှင်းပေးဖို့ တောင်းတိုထားပါတယ်" ဟု မဘသ ဦးဆောင်ဆရာတော် ဦးဝီရသူက မိန့်သည်။

မဘသ အဖွဲ့ကြိးသည် ရဟန်း ပုဂ္ဂိုလ် လူပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသော် သာသနာပြုအဖွဲ့ ဖြစ်ပြီး ဦးဖြိုးမင်းသိန်း၏ အာဏာစက်ထဲတွင် မပါဝင်ဟုလည်း ဆရာတော် ဦးဝီရသူက မိန့်သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်က သူ၏ စင်္ကပူနိုင်ငံ ခရီးစဉ်အတွင်း ဇူလိုင်လ ၃ရက်နေ့တွင် မြန်မာနိုင်ငံ၌ သံဃာ့မဟာနာယက (မဟန)ရှိပြီးဖြစ်၍ မဘသအဖွဲ့ ရှိရန်မလိုအပ်ကြောင်းပြေားကြားခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် ၆ရက် ညနေပိုင်းကလည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ သတင်းမီဒီယာများကို ယင်းကဲ့သို့ ထပ်မံပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ပြောဆိုမှုနှင့်ပတ်သက်၍ မဘသ ဗဟို ဥက္ကဋ္ဌ အင်းစိန်ရွာမ ပရိယတ္တိ ဆရာတော် ဘဒန္တတိလောက ဘိဝံသကလည်း တစ်ဦးချင်း ပုတ်ခတ်ပါ တစ်ဦးချင်းဖြေရှင်းရမည် ဖြစ်ပြီး ပါတီတစ်ခုလုံးက ပုတ်ခတ်ပါက ပါတီတစ်ခုလုံးက ဖြေရှင်းရမည်ဟု မိန့်ကြားခဲ့သည်။

မဘသအဖွဲ့သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ အပိုဒ် ဂ အသင်းအဖွဲ့ သို့မဟုတ် အဖွဲ့အစည်းများ ဖွဲ့စည်းခွင့်နှင့်အညီ ဖွဲ့စည်းထားသော အဖွဲ့ ဖြစ်ပြီး နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းနှင့် အညီ ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်းလည်း တုန့်ပြန်ခဲ့သည်။

ဝန်ကြီးချုပ်၏ ပြောဆိုမှုနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးထံ မေတ္တာရပ်ခံစာ ပေးပိုးထားပြီး ဖြေရှင်းမပေးပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြသွားမည်ဟုလည်း ဆရာတော် ဦးဝီရသူက မိန့်ကြားသွားသည်။

ထို့ပြင် မဘသအဖွဲ့အား ဖျက်သိမ်းပစ်လိုပါက သန္တိသုခုကျောင်းသို့ ဝင်စီးသကဲ့သို့ဝင်စီးမှသာ ရမည်ဟုလည်း ဆရာတော်က မိန့်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required