တရုတ်တွင် မိုးသည်းထန်၍ ဝုဟန်မြို့တစ်မြို့လုံး ရေကြီးမှုဘေးကြံုကာ အနီရောင်သတိပေးချက် ထုတ်ပြန်ထား

တရုတ်တွင် မိုးသည်းထန်၍ ဝုဟန်မြို့တစ်မြို့လုံး ရေကြီးမှုဘေးကြံုကာ အနီရောင်သတိပေးချက် ထုတ်ပြန်ထား

ပေကျင်း၊ ဇူလိုင် ၆ ။              ။ တရုတ်နိုင်ငံရှိ ဝုဟန်မြို့တွင် ပြီးခဲ့သည့် ညက မိုးအဆက်အပြတ်သည်းထန်စွာရွာသွန်းရာ တစ်မြို့လုံးနီးနီး ရေကြီးမှုကြုံကာ မိုးများ ပိုမိုသည်းထန်လာမည့်အရေးအတွက် အနီရောင်သတိပေးချက် ထုတ်ပြန်ထားရသည်။

လူဦးရေ ဆယ်သန်းကျော်ရှိသော မြို့ရှိ သယ်ယူပို့ဆောင်ရေးများ၊ ရေပေးဝေရရှိမှုနှင့် လျှပ်စစ်မီးတို့ ပြတ်တောက်မှုများကို တော်တော်များများ ရင်ဆိုင်နေရကာ တစ်ချို့သော မိသားစုများက နေအိမ်များတွင်ပင် သောင်တင်ပိတ်မိနေသည်။

တရုတ်နိုင်ငံအနှံ့အပြားတွင် ရေကြီးရေလွှမ်းခြင်းများကြောင့် သေဆုံးသူပေါင်းက ၁၈၀ ကျော်ထက်မနည်းရှိနေပြီး နိုင်ငံမှာ ရေဘေးအတွင်း ဖရိုဖရဲအခြေအနေမျိုး ရင်ဆိုင်နေရသည်။

အန်ဟွေးပြည်နယ်မှ ရဲဌာနက ရေကြီးမှုကြောင့် မွေးခြံများမှ မိချောင်းများ လွတ်မြောက်သွား၍လည်း သတိပေးချက်များ ထုတ်ပြန်နေရသည်။

ဝုဟန် မိုးလေဝသဌာနက ဇူလိုင် ၆ ရက်၌ အနီရောင်အဆင့်သတိပေးချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ လေပြင်းများ၊ မိုးများနှင့် ရေကြီးမှုများက မြို့ပြနှင့် ကျေးလက်ဒေသနှစ်ရပ်စလုံးတွင် ကြုံတွေ့ရနိုင်ကြောင်း ယင်းဌာနက သတိပေးထားသည်။

ဟူဘေးပြည်နယ်၏ မြို့တော်ဖြစ်သော ဝုဟန်သို့ တရုတ်ဝန်ကြီးချုပ် လီကီကျန်းရောက်ရှိနေကာ ကယ်ဆယ်ရေးလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း နိုင်ငံအနှံ့အပြား ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြရန် စစ်တပ်အား အမိန့်ပေးထားပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required