အိန္ဒိယဆရာဝန်များက ကလေးငယ်တစ်ဦး၏ နဖူးတွင် နှာခေါင်းသစ်တစ်ခုကို ခွဲစိတ်တပ်ဆင်ပေး

အိန္ဒိယဆရာဝန်များက ကလေးငယ်တစ်ဦး၏ နဖူးတွင် နှာခေါင်းသစ်တစ်ခုကို ခွဲစိတ်တပ်ဆင်ပေး

ဇူလိုင် ၆ ။                 ။ အိန္ဒိယနိုင်ငံမှ အသက် ၁၂ နှစ်အရွယ် ကောင်လေးတစ်ဦး၏ မူလနှာခေါင်း ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးနေသဖြင့် ဆရာဝန်များက ၎င်း၏ နဖူးပေါ်တွင် နှာခေါင်းသစ်တစ်ခုနှင့်   ပြန်လည်အစားထိုး ခွဲစိတ်တပ်ဆင်ပေးခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အာရွန်ပက်တယ်လ် အမည်ရ အိန္ဒိယကလေးငယ်လေးသည် လသားအရွယ်က အဆုပ်ရောင်နာရောဂါကြောင့် ၎င်း၏နှာခေါင်းတွင် ဆိုးဆိုးရွားရွား ပုံပျက်ပန်းပျက်ဖြင့် ပျက်စီးနေခဲ့ခြင်းဖြစ်သည်။ ၎င်းကလေးငယ်ခံစားခဲ့ရသော ဝေဒနာကြောင့် နှာခေါင်းရှိ အရိုးနုလေးများကို ပျက်စီးစေခဲ့ပြီး ယင်းအခြေအနေအရ ဆရာဝန်များအတွက် ခွဲစိတ်ပြုပြင်ရန် အခက်ကြုံခဲ့ရသည်ဟု ဆိုသည်။

 အာရွန်ကို မွေးဖွားပြီးနောက်ပိုင်း အဆုပ်ရောင်ရောဂါခံစားနေရသောကြောင့် မိဘများက Madhya Pradesh ပြည်နယ် အလယ်ပိုင်းရှိ ကျေးလက်ဆေးခန်းတစ်ခုတွင် ထိုင်သော ဆရာဝန်ထံသို့ သွားပြခဲ့သည်ဟု ဆိုသည်။ သို့သော် အဆိုပါ ဆရာဝန်ကုသပေးလိုက်ပြီးနောက်ပိုင်း အာရွန်၏ အခြေအနေမှာ ပို၍သာ ဆိုးလာခဲ့ပြီး အသားတစ်ရှုးစများ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပြီးနောက် ၎င်း၏ နှာခေါင်းကို ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

ယင်းနောက် ဆယ်နှစ်လောက်အကြာတွင်မှ Indore မြို့မှ ဆရာဝန်အဖွဲ့တစ်ခုက အာရွန်ကို နှာခေါင်းသစ်တစ်ခု တပ်ဆင်ပေးနိုင်ရန် အဆင့်လေးဆင့်ပါ ခက်ခဲသည့် ပလက်စတစ် ဆာဂျရီ နည်းဖြင့် လုပ်ဆောင်ပေးရန် ဆုံးဖြတ်ခဲ့သည်။

ကလေးငယ်၏ နဖူးပေါ်တွင် တပ်ဆင်မည့် နှာခေါင်းသစ်က အခြား ခန္ဒာကိုယ်အင်္ဂါများအတိုင်း ပုံမှန်အလုပ်လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ခဲ့ကြောင်း ယင်းခွဲစိတ်မှုတွင် ဦးဆောင်ခဲ့သည့် ဒေါက်တာ အာရှ်ဝီနီဒက်ရှ်က ပြောခဲ့သည်။ ယင်းအဆင့်လေးဆင့်ပါ ခွဲစိတ်မှုတစ်ခုလုံးကို အချိန်တစ်နှစ်ခန့်ယူပြီးလုပ်ဆောင်ခဲ့ရသည်ဟု ၎င်းက ဆိုသည်။

ပထမအဆင့်တွင် ကလေးငယ်၏ နှဖူးတွင် တစ်ရှုးစများ တိုးပွားစေမည့် ဆီလီကွန်ပစ္စည်းတစ်ခုကို ထည့်သွင်းပေးခဲ့ပြီး ယင်းနောက် အထူးဓါတုပစ္စည်းတစ်မျိုးကိုလည်း ထည့်သွင်းခဲ့ရသည်ဟု ဆိုသည်။ ဒုတိယအဆင့်တွင်မူ ၎င်း၏ ရင်ဘတ်မှ အရိုးနုများကို ယူကာ နဖူးပေါ်တွင်နှာခေါင်းသစ်တစ်ခု ဖန်တီးတပ်ဆင်ပေးခဲ့ရာ ယင်းနည်းအရ သုံးလအကြာတွင် ပုံပေါ်လာနိုင်ရန် ဖန်တီးထားခဲ့သည်ဟု သိရသည်။ တတိယအဆင့်တွင် ဆရာဝန်များက အဆိုပါ တုပဖန်တီးထားသော နှာခေါင်းတုကို မျက်နှာပေါ်အသေအချာ ပြန်လည်စိုက်ကာ ကုသပေးခဲ့ပြီး နောက်ဆုံးအဆင့်တွင်မူ နဖူးကို ပြန်လည်ပြုပြင်ပေးခြင်းတို့ ဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required