LGBTတွေ အတွက် ဘိုးဘွားရိပ်သာ တစ်ခု တည်ဆောက်ပေးဖို့ စိတ်ကူးထားတဲ့ မိတ်ကပ်ပညာရှင် မထက်(Pop Soul) နှင့် တွေ့ဆုံခြင်း

LGBTတွေ အတွက် ဘိုးဘွားရိပ်သာ တစ်ခု တည်ဆောက်ပေးဖို့ စိတ်ကူးထားတဲ့ မိတ်ကပ်ပညာရှင် မထက်(Pop Soul) နှင့် တွေ့ဆုံခြင်း

 မြန်မာနိုင်ငံမှာ ဂေး ဆိုရင် လက်ခံတဲ့သူထက် လက်မခံဘဲ နှိပ်ချချင်ကြတဲ့သူတွေ ရှိနေတဲ့ကြားက ထိုအရာတွေကို ဖြတ်ကျော်ပြီး ကိုယ်ဖြစ်ချင်တဲ့ အရာတွေကို တစ်ခုပြီးတစ်ခု လုပ်ဆောင်ပြီး မိန်းသားတစ်ဦးအဖြစ် ပြောင်းလဲ နေထိုင်နေတဲ့သူကတော့ မိတ်ကပ်ပညာရှင် မထက်(Pop Soul) ပါပဲ။ ဒီနှစ်ထဲမှာပဲ သူဟာ အကြီးမားဆုံး ခွဲစိတ်မှု တစ်ခုဖြစ်သည့် Sex ပိုင်းဆိုင်ရာကိုပါ ချိန်းပစ်ပြီး ကိုယ်တိုင် မိန်းမသားတစ်ဦးအဖြစ် ခံယူကာ ဘဝကို ရှေ့ဆက်နေသူ တစ်ဦးလည်းဖြစ်ပါတယ်။

ဒါ့ကြောင့် လက်ရှိမှာ Sex ချိန်းထားတဲ့ သူ့အတွက် ကျန်းမာရေးအခြေအနေ၊ သူ့ဘဝ ရပ်တည်ချက်တွေ အပြင် သူ့အနေနဲ့ တစ်ချိန်မှာ LGBT တွေနဲ့ ပတ်သက်ပြီး ဘိုးဘွားရိပ်သာ တစ်ခု ဖန်တီးပေးချင်တဲ့ ဆန္ဒတစ်ခုလည်း ရှိနေပြန်တာကြောင့် ထိုအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မိတ်ကပ်ပညာရှင် မထက်(Pop Soul)ကို သွားရောက် တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။

မဇ္ဈိမ ။  ။ မထက် ရှေ့ဆက်ပြီး ဖြတ်သန်းသွားမယ့် ဘဝပုံရိပ်လေးလဲ ပြောပြပေးပါ။

မထက် ။  ။ အခုလောလောဆယ် မိတ်ကပ်လုပ်တယ်။ သတို့သမီးမိတ်ကပ်တွေ အပြင် အခု ထိုင်မသိမ်းတွေ လုပ်လာပြီ။ နောက်ပိုင်းဆိုရင် ဂါဝန်ပိုင်းတွေ၊ ညနေခင်းဝတ်စုံလေးတွေ အပိုင်းကို သွားနိုင်အောင် ကြိုးစားနေပါတယ်။ အဲ့တာ နောက်ဆုံး မျှော်မှန်းချက်ပေါ့ အဲ့တာကို နောက် တစ်နှစ် နှစ်နှစ် အတွင်းမှာ အကောင်အထည် ဖော်ပါမယ်။

မဇ္ဈိမ ။  ။ အခု လက်ရှိ မြန်မာနိုင်ငံမှာ LGBT တွေနဲ့ ပတ်သက်ပြီး အမြင်တွေပြောင်းလာပြီလား။

မထက် ။ ။ အရင်ကထက်တော့ အမြင်လေးလည်း ပိုကျယ်လာတယ်။ နောင်နှစ်ပေါင်းများစွာကြာရင်တော့ ပိုအမြင်ကျယ် သွားမယ်လို့ ထင်ပါတယ်။ နိုင်ငံတိုးတက်လာတဲ့အလျောက် အသိဉာဏ်တွေ ပွင့်လင်းလာမယ်။ အခုကတော့ နည်းနည်းခက်ခဲသေးမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကလေးဘဝထက်စာရင် အများကြီးပြောင်းလဲလာတယ်။ အနေအထိုင် သက်သောင့်သက်သာရှိလာတယ်။ အဲ့အတွက်လည်း ဝမ်းသာပါတယ်။ အခြေခံကတော့ ပညာရေးလို့ပဲထင်တယ်။ ပညာရေးအဆင့်မြင့်မားလာတဲ့ အလျောက် အသိဉာဏ်ပွင့်လင်းလာမယ် အသိဉာဏ်ပွင့်လင်း လာတဲ့အလျောက် ဒါတွေကို လူတွေ ပိုပြီး လက်ခံလာမယ်လို့ ထင်တယ်။ LGBT အသိုင်းအဝိုင်း အနေနဲ့လည်း ပိုပြီး ဘဝကို ကောင်းကောင်းမွန်မွန်နဲ့ လျောက်လှမ်းမယ် ဆိုရင် လူတွေက ပိုပြီးတော့ လက်ခံလာမယ်လို့ ထင်ပါတယ်။

မဇ္ဈိမ ။  ။ လက်ရှိမှာ အမြင်တွေ ပြောင်းလဲဖို့အပြင် ရုပ်ရှင်တွေမှာလဲ ဂေး တွေ နဲ့ ပတ်သက်ပြီး လှောင်တာမျိုးတွေ ရှိနေတော့ မထက်အနေနဲ့ ဒီအပေါ်မှာ ဘာပြောချင်လဲ။

မထက် ။  ။ တစ်စိတ်ရှိ ဂေးဆိုတာ လှောင်စရာ ရှုံ့ချစရာ ရွံစရာ ပစ္စည်းတစ်ခုအနေနဲ့ အမြဲတမ်း ဗီဒီယိုဖြစ်ဖြစ် ဘယ်လို နေရာမှာ ဖြစ်ဖြစ် စာအုပ်တွေမှာလဲ ရေးသားကြတာရှိတယ်။ အများစုက ဒါမျိုးဖြစ်နေကြတာကြောင့်လဲ ပါမယ်။ ရိုက်တဲ့သူကိုလည်း အပြစ်ပြောလို့မရဘူး။ ဒါပေမယ့် ဒါလေးကို လျော့စေချင်တယ်။ ဂေး တွေကို ကောင်းမွန်တဲ့ ဘက်က ရိုက်ပြရင် အတုယူပြီး လိုက်နေကြမယ့် ဂေးတွေလည်း ဖြစ်လာကောင်းဖြစ်လာမယ်။ မထက်အနေနဲ့ ကတော့ အခုလို ရိုက်ကူးနေတာတွေကို လျော့စေချင်ပါတယ်။ မေတ္တာလဲရပ်ခံပါတယ်။ ကိုယ်တိုင်လည်း မနှစ်မြို့ပါဘူး။

မဇ္ဈိမ ။  ။ မထက် အနေနဲ့ကော LGBT တွေနဲ့ ပတ်သက်ပြီး တခုခု လုပ်ချင်တာမျိုး ရှိလား။

မထက် ။ ။ မထက်တို့ ဂေး တွေက အရမ်းကို ဒုက္ခရောက်ပါတယ်။ အလုပ်ကိစ္စမှာပဲဖြစ်ဖြစ် ခက်ခဲပါတယ်။ ငယ်ငယ်က မထက်တို့ သိတာဆို မိန်းမလျာ နတ်ကတော် ရှောက်သီးဆေးပြားရောင်းတဲ့သူ၊ အခုက မိန်းမလျာ ဖြစ်တာနဲ့ မိတ်ကပ်လိမ်း၊ အင်္ကျီချုပ်တာမျိုးတွေလုပ်ကြမလား အဲ့တာမျိုးတွေ ဖြစ်သွားကျတယ်။ နိုင်ငံတကာမှာဆို အရောင်းစာရေးလည်း လုပ်ခွင့်ရှိတယ်။ အင်ဂျင်နီယာလည်း လုပ်ခွင့်ရှိတယ်။ ဆရာဝန်လဲ ဖြစ်ခွင့်ရှိတယ်။ ဒါမျိုးတွေ ဖြစ်သင့်ပါတယ်လို့ထင်တယ်။ လုံးဝလက်ခံပေးသင့်တယ်။ ပတ်ဝန်းကျင်ကို မထိခိုက်ဘူးဆိုရင် အတွေးအခေါ် မြင့်မာပြီး အဆင့်အတန်းဝင်ပြီး လုပ်ပိုင်ခွင့်ရှိတဲ့သူမျိုးတွေကို နေရာတွေ ပေးသင့်တယ်လို့ ထင်ပါတယ်။ အဲ့တာဆို ပိုပြီး အနေချောင်လာပြီး သက်သောင့်သက်သာ ဖြစ်လာမယ်။ ပြီးတော့ ဂေးတွေကို ဘိုးဘွားရိပ်သာ လိုမျိုးပေါ့ ဂေး တွေ အသက်ကြီးလို့ရှိရင် အရမ်းဒုက္ခရောက်တယ်။ ပိုက်ဆံရှိရင်ရှိ မရှိရင် မိဘ မောင်နှမတွေက ပစ်ထားကြတာမျိုးတွေရှိတယ်။ အဲ့လို ဒုက္ခရောက်တဲ့ ဂေး တွေ အများကြီးရှိတယ်။ သူတို့ဘဝတွေကို မှီခိုရာ ဖြစ်တဲ့ ဘိုးဘွားရိပ်သာလိုမျိုး တစ်ခု ဖန်တီးချင်တယ်။ လုပ်နိုင်အောင်တော့ ကြိုးစားအုံးမယ်။

မဇ္ဈိမ ။  ။ ဒါဆို မထက်အနေနဲ့ LGBT တွေ အတွက် ဘိုးဘွားရိပ်သာလေး တစ်ခု လုပ်ဆောင်ပေးသွားမှာလား။

မထက် ။  ။ မထက် သူငယ်ချင်းတွေကို အမြဲပြောတယ် ငါတို့အသက်ကြီးရင် ရပ်ကွက်တခုတည်ပြီး နေကြရအောင်။ ဘာလို့လဲဆိုတော့ ကိုယ့်စိတ်ခံစားချက်ကို နားလည်သူအချင်းချင်းပဲ မနှိမ်ကြတာလေ။ အဲ့ဒီအတွက် မထက် ခေါင်းထဲမှာ အမြဲရှိတယ် ပိုက်ဆံရှာနိုင်ပြီ ထူတောင်နိုင်တဲ့ အခါကျရင် ဂေးတွေ နေထိုင်တဲ့ ဘိုးဘွားရိပ်သာ တစ်ခု ဖန်တီးမယ်။

မဇ္ဈိမ ။  ။ မထက် အနေနဲ့ တီဗီအစီအစဉ် တစ်ခုမှာ အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်မယ်လို့လည်း သိရတယ် ပြောပြပေးပါအုံး။

မထက် ။  ။ Mrtv-4 က နေပြီး Beauty Talk Show တစ်ခုအနေနဲ့ သူတို့ဆီက အစီအစဉ်တင်ဆက်သူ နှစ်ယောက်ပါမယ် ပြီးရင် မထက်ရယ်၊ မတင်မိုးလွင်ရယ် နဲ့ တစ်နှစ်ပတ်လုံး တင်ဆက်သွားမယ့်ဟာကို လစဉ်ရိုက်ကူးပြီး အပတ်စဉ် ပြသသွားမှာပါ။

မဇ္ဈိမ ။  ။ မထက်အနေနဲ့ ဒီလိုအစီအစဉ်တင်ဆက်သူ အဖြစ် လက်ခံရိုက်ကူးဖြစ်တာကကော။

သူတို့ဘက်က ကမ်းလှမ်းတာပါ။ ဒီအစီအစဉ်လေး ရှိတယ် ဆိုတော့ ကိုယ်နဲ့လည်း ကိုက်တယ် ဇာတ်ကား ရိုက်ဖို့ ကမ်းလှမ်းတာမျိုး ကျတော့ ကိုယ်နဲ့ကိုက်တယ်လို့ မခံစားရဘူး။ ဒါကျတော့ ကိုယ့်အလုပ်နဲ့ ကိုက်တဲ့အတွက် လက်ခံဖြစ်သွားတာပါ။ မထက်ကတော့ အစီအစဉ်တင်ဆက်သူ အနေနဲ့ပဲ ပါမှာပါ။ မထက်တို့က မေးခွန်းမေးမယ် အဲ့တာကို တခြား မိတ်ကပ်ပညာရှင်တွေက မိတ်ကပ်နဲ့ ပတ်သက်ပြီး ပြောပြတာတွေ ပရိသတ်တွေ သိချင်တာကို ဆွေးနွေးပေးမယ်။

မဇ္ဈိမ ။  ။ မထက်ကို အခုဆို အစီအစဉ်တင်ဆက်သူအဖြစ် ရုပ်သံမှာလဲ တွေ့မြင်ရတော့မယ် ဆိုတော့ မထက်ကို အားပေးတဲ့ ပရိသတ်ကို ဘာများပြောချင်လဲ။

မထက် ။  ။ ဖေ့ဘုတ်ကဖြစ်ဖြစ် အပြင်ကပဲ ဖြစ်ဖြစ် အားပေးကြတဲ့ အသိုင်းအဝိုင်း အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။ ဒီလုပ်ငန်းတွေကို ဖိဖိစီးစီးနဲ့ အကောင်းဆုံး ဖန်တီးလုပ်ဆောင်သွားပါ့မယ်။ အားပေးကြပါလို့ မထက်က ဖိတ်ခေါ်ချင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required