မန်ယူအသင်းနှင့်စာချုပ်မည်ဟု အီဘရာဟီမိုဗစ်အတည်ပြု

မန်ယူအသင်းနှင့်စာချုပ်မည်ဟု အီဘရာဟီမိုဗစ်အတည်ပြု

ဇူလိုင် ၁၊ မန်ချက်စတာ။            ။ ပီအက်စ်ဂျီမှထွက်ခွာခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းနှင့်စာချုပ်မည်ဟု ဆွီဒင်တိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ် က အတည်ပြုသည်။

နိုင်ငံလက်ရွေးစင်အသင်းအတွက် ၁၁၆ ပွဲကစားထားသော အသက် ၃၄ နှစ်အရွယ်တိုက်စစ်မှူးသည် ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီအသင်းတွင် လေးနှစ်ကြာကစားပြီးနောက် ထွက်ခွာခဲ့သူဖြစ်သည်။

အီဘရာဟီမိုဗစ်အနေဖြင့် အိုးထရက်ဖို့ဒ်တွင် အင်တာမီလန်နည်းပြဟောင်း မော်ရင်ဟိုနှင့် ပြန်ဆုံရမည်ဖြစ်သည်။

“ကမ္ဘာသိအောင် ပြောဖို့အချိန်ကျပါပြီ။ ကျွန်တော်နောက်ပြောင်းမယ့်အသင်းက မန်ချက်စတာယူနိုက်တက်ပါ”ဟု အီဘရာဟီမိုဗစ်က လူမှုကွန်ယက်စာမျက်နှာတွင်ရေးထားသည်။

အီဘရာဟီမိုဗစ်သည် ယူနိုက်တက်အသင်းနှင့် ဆေးစစ်မှုခံယူပြီးနောက် စာချုပ်ချုပ်ဆိုမည်ဖြစ်သည်။ ၎င်းသည် ကစားသမား ဘဝကို မြို့ခံကလပ်မယ်လ်မိုနှင့် ၁၉၉၉ ခုနှစ်တွင်စတင်ခဲ့ပြီးနောက် အေဂျက်ဇ်၊ ဂျူဗင်တပ်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ အေစီ မီလန်နှင့် ပီအက်စ်ဂျီအသင်းတို့တွင် ကစားခဲ့သည်။

ကစားသမားဘဝ ၆၇၇ ပွဲတွင် ၃၉၂ ဂိုးသွင်းခဲ့သည့် အီဘရာဟီမိုဗစ်သည် ပြီးခဲ့သည့်ရာသီတွင် ဂိုးအများဆုံးသွင်းနိုင်ခဲ့ပြီး ၅၁ ပွဲ ကစား ဂိုး ၅၀ သွင်းနိုင်ခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly