၂၁-ရာစု ပင်လုံအကြိုပြင်ဆင်ရေးဆပ်ကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ကိုယ်စားလှယ်အဖွဲ့(DPN)တို့ ဇူလိုင် ၁ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမည်

၂၁-ရာစု ပင်လုံအကြိုပြင်ဆင်ရေးဆပ်ကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ကိုယ်စားလှယ်အဖွဲ့(DPN)တို့ ဇူလိုင် ၁ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမည်
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) တို့ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) တွင် တွေ့ဆုံဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ဦးလှမောင်ရွှေ(ဝဲ) နှင့် NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ(ယာ)တို့မှ မီဒီယာများကို ရှင်းလင်းဖြေကြားစဉ်။ ၁၅ သြဂုတ် ၂၀၁၄။ ဓာတ်ပုံ ဘိုဘို

ချင်းမိုင်(မဇ္ဈိမ)။          ။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဘက်မှ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ(DPN)တို့ လာမည့် ဇူလိုင်လ ၁ ရက်နေ့ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း နှစ်ဖက် ကိုယ်စားလှယ်များမှ သိရသည်။

အစိုးရဘက်မှ ဒေါက်တာ တင်မျိုးဝင်းဦးဆောင်သော ကိုယ်စားလှယ် ၇ ဦးနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) မှ ဖွဲ့စည်းထားသော DPN ခေါင်းဆောင် ခူဦးရယ်နှင့် အဖွဲ့ဝင်များ အပါအဝင် ၆ ဦးတို့နှင့် ရန်ကုန်မြို့ အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) ရုံးတွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီမှ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောသည်။

“သူတို့ မနက်ဖြန် ရောက်ပြီးတော့ ၁ ရက်နေ့မှာမှ ရုံးမှာ ဆွေးနွေးဖို့ ညှိနှိုင်းထားတယ်။ သူတို့အနေနဲ့ အရင်က မေးထားတာ သိလိုတာ ၊ ထပ်ပြီးတော့ သေချာချင်လို့ ကျနော်တို့ မေးမယ့်ဟာတွေရှိမယ်။ ယူအန်အက်ဖ်စီ ခေါင်းဆောင်တွေကို ဒေါက်တာတင်မျိုးဝင်းတို့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ဖို့ ဖိတ်ကြားထားတာရှိတယ်။ အဲဒီအတွက် ကြိုတင်ပြီးတော့ ပြင်ဆင်တဲ့ လုပ်ငန်းရပ်တွေပါမယ်လို့ ထင်ပါတယ်”ဟု ဦးလှမောင်ရွှေက မဇ္ဈိမကို ပြောသည်။

လာမည့် ဇူလိုင်လဆန်းပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များ နေပြည်တော်တွင် တွေ့ဆုံရန် ပြင်ဆင်ထားသဖြင့် ကြိုဆင်ပြင်ဆင်ခြင်းလည်း ဖြစ်သည်ဟု သူက ပြောသည်။

အစိုးရ ကိုယ်စားလှယ်များနှင့် DPN ကိုယ်စားလှယ်များ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက်လက် ဆောင်ရွက်ရန်အတွက် ညှိနှိုင်းဆွေးနွေးသည့် အကြိုညှိနှိုင်းဆွေးနွေးခြင်းလည်း ဖြစ်သည်ဟု DPN ခေါင်းဆောင် ခူဦးရယ်က ပြောသည်။

“အဓိကတော့ ပထမအကြိမ် ချင်းမိုင်မှာ တွေ့ဆုံတုန်းက ကျနော်တို့ပြောခဲ့ဆိုခဲ့တာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ follow up လုပ်မယ့်သဘောမျိုးပါပါတယ်။ နောက် ယူအန်အက်ဖ်စီ ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ တွေ့ဆုံ မယ်ဆိုတဲ့ ကိစ္စကိုလည်း အစိုးရဘက်က ဖိတ်ကြားထားတာရှိတဲ့ အခါကြတော့ ဒီခရီးစဉ် အခြေအနေလေးတွေလည်း ညှိနှိုင်းဆောင်ရွက်ဖို့ ရှိပါတယ်။ နောက်ရှေ့ဆက် တွေ့ဆုံဆွေးနွေးရေးကိစ္စကိုလည်း ကျနော်တို့ ဆွေးနွေးမှာဖြစ်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

DPN အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဆက်လက် ဆောင်ရွက်၊ အကောင်အထည်ဖော်ရန် မူလတပ်ပေါင်းစု၏ ချမှတ်ထားသည့် ပေါ်လစီအတိုင်း ဆက်လက် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု သူက ပြောသည်။

ဇွန်လ ၃ ရက်က ဒေါက်တင်တင်မျိုးဝင်း ဦးဆောင်သောအဖွဲ့နှင့် DPN တို့ အလွတ်သဘော တွေ့ဆုံစဉ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံနှင့် နိုင်ငံရေး ဆွေးနွေးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်နိုင်ရေးနှင့် ပတ်သက်၍ DPN ဘက်မှ မေးမြန်း တင်ပြခဲ့ခြင်း ဖြစ်သည်။

မနက်ဖြန် ဇွန်လ ၃၀ ရက်တွင် DPN ခေါင်းဆောင် ခူဦးရယ်၊ ဗိုလ်ချုပ်စိုင်းထူး၊ ဗိုလ်မှူးကြီး ဆော်လမွန်၊ ဗိုလ်မှူးကြီးမင်းထွန်း၊ ဒေါက်တာ နိုင်ရွှေသိန်းနှင့် တာ့ညီလူတို့ ၆ ဦး သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလက ညီညွတ်သော တိုင်းရင်းသား လူမျုးိများ ဖက်ဒရယ်ကောင်စီ(UNFC)ကို စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိNCA လက်မှတ်မရေးထိုးသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly