လွတ်လပ်စွာထုတ်ဖော်ခွင့် နှင့် ငြိမ်းချမ်းစွာစုဝေးခွင့်ဆိုင်ရာဥပဒေများ ပြင်ဆင်ရန် အမေရိကန် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တိုက်တွန်း

လွတ်လပ်စွာထုတ်ဖော်ခွင့် နှင့် ငြိမ်းချမ်းစွာစုဝေးခွင့်ဆိုင်ရာဥပဒေများ ပြင်ဆင်ရန် အမေရိကန် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တိုက်တွန်း
"သင့်ကိုအချိန်မရွေးဖမ်းနိုင်သည်။ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်းကို ရာဇဝတ်မှုတပ်ခြင်း ခေါင်းစဉ်ဖြင့် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) ၏ အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက် ၁၀နာရီတွင် Park Royal ဟိုတယ်၌ ကျင်းပစဉ်။ (ဓာတ်ပုံ-မြတ်မြတ်မွန်)

ရန်ကုန်၊ ဇွန် ၂၉ ။                ။ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ သင်းပင်းဖွဲ့စည်းခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့်ဆိုင်ရာ နိုင်ငံလူ့အခွင့်အရေး စံချိန် စံ ညွှန်းများနှင့် ကိုက်ညီအောင် မြန်မာနိုင်ငံ၏ ရာဇဝတ် ပြစ်မှုဆိုင်ရာ ဥပဒေများကို ပြင်ဆင်သင့်ကြောင်း အမေရိကန်အခြေစိုက် လူ့အခွင့်ရေး စောင့်ကြည့်ရေးအဖွဲ့က မြန်မာအစိုးရကို တိုက်တွန်းလိုက်သည်။

ဇွန် ၂၉ရက်က ရန်ကုန်မြို့ အလံပြဘုရားလမ်းရှိ Park Royal Hotel တွင် ပြုလုပ်သည့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်းကို ရာဇဝတ်မှုတပ်ခြင်း အစီရင်ခံစာ မိတ်ဆက်သည့် အခမ်းအနားတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"မြန်မာနိုင်ငံ အစိုးရသစ်အနေနဲ့ မည်သူ့ကိုမဆို ရဲက တံခါးလာခေါက်တာ၊ ရုံးတင်ပြီးတေ့ ရာဇဝတ်ပုဒ်မတွေနဲ့ စွဲချက်တင်ခံရတာမျိုးတွေမရှိဘဲ သူတို့အမြင်ကို ငြိမ်းချမ်းစွာ ဖော်ထုတ်တင်ပြနိုင်မယ့် ဥပဒေတွေပေါ် ထွက်လာ အောင် အပြောင်းအလဲ လုပ်ခွင့်ရထားပါတယ်။ ဒါပေမယ့်လည်း ရတဲ့ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ခင် ကြား ကာလက ကြာချင်သလောက်ကြာလို့တော့ မရပါဘူး" ဟု လူ့အခွင့်ရေး စောင့်ကြည့်ရေးအဖွဲ့၏ အာရှတိုက်ဆိုင်ရာ ဒါရိုက်တာ ဘရက်အဒမ်က ပြောသည်။

အဆိုပါ အစီရင်ခံစာမှာ မြန်မာနိုင်ငံ၏ ရာဇသတ်ကြီးပုဒ်မများ၊ ငြိမ်းချမ်းစွာစုဝေစးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာ  ဥပဒေများ၊ သတင်းမီဒီယာ ဥပဒေများ၊ ဆက်သွယ်ရေး ဥပဒေအစရှိသည့် ဥပဒေများ ကို လေ့လာသုံးသပ်မှုအပေါ် အခြေခံထားခြင်း ဖြစ်ကြောင်းလည်း ယင်းအဖွဲ့က ဆိုသည်။

အစီရင်ခံစာတွင် အများပြည်သူ အကျိုးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များအပေါ် လွတ်လပ်စွာ သဘောထား ကွဲ လွဲခွင့်၊ ငြင်းခုံခွင့် အပါအဝင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုကို အစိုးရက ရာဇဝတ် ပုဒ်မများတပ်ပြီး ပြစ်ဒဏ်ပေးခြင်းများကို ရုတ်သိမ်းရန် သို့မဟုတ် ပြင်ဆင်ရန် ခိုင်မာတိကျသည့် အကြံပြုချက်များကို တင်ပြထားကြောင်းလည်း သိရသည်။

အစီရင်ခံစာမိတ်ဆက်ပွဲသို့ ပြည်တွင်းရှိ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြပြီး ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေနှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါက်တာ ညိုညို သင်း က ဖွဲ့စည်းပုံအခြေခံဥပဒေက အကာအကွယ်ပေးထားသည့် လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်၊ ငြိမ်း ချမ်းစွာ စုဝေးခွင့်ကို အာဏာပိုင်အဖွဲ့အစည်းများက ခွင့်ပြုချက်မပေးပါက ၎င်းတို့အား တရားစွဲဆိုင့်ပြုရန် ဥပဒေ၌ ထည့်သွင်းရေးစွဲသင့်ကြောင်း အကြံပြုဆွေးနွေးခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကိုဇော်မိုးကလည်း ဆန္ဒပြသူများအား ဖြိုခွင်းရာတွင် အင်အားအလွန်အကျွံသုံးစွဲရန် စေခိုင်းသည့် အာဏာပိုင်းများအား အရေးယူရန် ဆိုသည့် အချက်နှင့် ပတ်သက်၍ နိုင်ငံတကာတွင် မည်သို့ ပြဌာန်းထားကြောင်း မေးမြန်းဆွေးနွေးခဲ့သည်။

လူ့အခွင့်ရေး စောင့်ကြည့်ရေးအဖွဲ့အနေဖြင့် လွှတ်တော်များ ပြန်လည် စတင်သည့် အချိန်တွင် လက်ရှိ အမျိုး သား လွှတ်တော်က အတည်ပြုထားသည့်  ငြိမ်းချမ်းစွာ စုဝေးခွင့် ဥပဒေနှင့်ပတ်သက်၍ ဆက်လက် ဆွေးနွေးမှုများကို အနီးကပ် စောင့်ကြည့်သွားမည် ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly