ဧရာဝတီတိုင်းအတွင်း ကျောက်စုပ်လိုင်စင်သစ်များကို စိစစ်ချထားပေးရန် မြန်အောင် တိုင်းလွှတ်တော်အမတ် အဆိုတင်

ဧရာဝတီတိုင်းအတွင်း ကျောက်စုပ်လိုင်စင်သစ်များကို စိစစ်ချထားပေးရန် မြန်အောင် တိုင်းလွှတ်တော်အမတ် အဆိုတင်
(ဓာတ်ပုံ-စည်သူမောင်မောင်၊မဇ္ဈိမ)

ပုသိမ်၊ ဇွန် ၂၉ ။             ။ မြန်အောင်မြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးလှမိုးအောင်က "ကျောက်စုပ်လိုင်စင်သစ်များ ထုတ်ပေးသောအခါ  ဌာနဆိုင်ရာပညာရှင်များ ကွင်းဆင်းစစ်ဆေးပြီးဥပဒေ၊ စည်းကမ်းများနဲ့ချပေးစေလိုကြောင်း” အဆိုကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအား တိုင်းလွှတ်တော် ၁၈ ရက်နေ့မြောက်တွင် တင်သွင်းတောင်းဆိုခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ ဟင်္သာတနှင့် ဇလွန်မြို့နယ်များတွင် ဧရာဝတီမြစ်အတွင်းကျောက်များကို လိုင်စင်စည်းကမ်းဘောင်ကို ကျော်လွန် ကျောက်များစုပ်ယူနေခြင်း၊ ကျောက်မစုပ်ရ သတ်မှတ်ထားသည့် နယ်မြေများတွင် စုပ်ယူနေခြင်း၊ ဥပဒေမဲ့ကျောက်စုပ်ယူခြင်းကို တိုင်ကြားသော်လည်း အရေးမယူခြင်း၊ ထိရောက်စွာအရေးမယူခြင်းတို့ကြောင့် မြစ်ကမ်းပါးများသည် သဘာဝလွန်ကာ အမြန်ကမ်းပြိုကျပြီး၊ ဒေသခံပြည်သူများ ရေဘေးအန္တရာယ်၊ နေထိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စများ အချိန်နဲ့အမျှ ထိခိုက်နစ်နာနေရကြောင်း အဆိုရှင် မြန်အောင်မြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ် ဦးလှမိုးအောင်က လွှတ်တော်တွင်ဆွေးနွေးသည်။

“ကျောက်စုပ်စက်လှေများ ၁၀စီး၊ အစီး၂၀အပြိုင်နေ့ရောညပါ စုပ် ယူခြင်း၊ အဲဒီအခါ သဲတွေ ရေထဲမျောချင်တဲ့နေရာမျော အောက်ခြေကကျောက်ထုထည်က ကုန်းပေါ်ရောက်ပြီး မြစ်ရဲ့ကြမ်းပြင်ဟာ သဘာဝအနေအထားပျက်ယွင်းပြီး ရေစီး ရေစွယ်များ ဦးတည်ရာမဲ့ထိုးတော့တယ်။ ထိုးလာတဲ့ ရေစွယ်တွေဟာ ဒေသခံပြည်သူတွေရဲ့ အိုးအိမ် ကိုင်းကျွန်းရွာတွေဖျက်တော့တယ်။ မီး ခိုးရင် ဘာမှမကျန်ဘူးဆိုပေမယ့် နေထိုင်စရာမြေကျန်ပါပါသေးတယ်။ လူလုပ် သဘာဝအန္တရာယ်က နေထိုင်ဖို့မကျန်နိုင်သလို စီးပွားရှာစားရတဲ့ ကိုင်းကျွန်းမြေများ ဆုံးရှုံးရကြောင်း” ဦးလှမိုးအောင်က ဆက်လက်ဆွေးနွေးတင်ပြသည်။

ဦးလှမိုးအောင်၏ အဆိုအား ကြံခင်းမြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ်က လွှတ်တော်တွင်ဆက်လက်ဆွေးနွေးရန်ထောက်ခံခဲ့ပါသည်။ ယင်းအဆိုနှင့်ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့ဝင် လမ်းပန်းလျှပ်စစ်စွမ်းအင်ဝန်ကြီးဦးဝင်းဌေးက"ကျွန်တော်တို့ တိုင်းအတွင်းပေါများလှတဲ့ မြစ်ချောင်းတွေမှာနေထိုင်ကြသူတွေအတွက် အလွန်အရေးပါတယ်။ ရေဘေးအန္တရာယ်တွေက ကာကွယ်ရေးတို့အတွက် တိုင်းဒေသကြီးအစိုးရက ထိရောက်စွာလုပ်ဆောင်နိုင်ဖို့အတွက် လွှတ်တော်မှာဆွေးနွေးရန်သင့်တော်ကြောင်း ထောက်ခံအပ်ပါတယ်"ဟု ထပ်မံထောက်ခံဆွေးနွေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly