ပျဉ်းမနားမြို့ရှောင်လမ်းဖောက်ရန် မြေသိမ်းခဲ့မှုအတွက် ကျပ်သန်း ၃၅၀ကျော် လျော်ကြေးပေး

ပျဉ်းမနားမြို့ရှောင်လမ်းဖောက်ရန် မြေသိမ်းခဲ့မှုအတွက် ကျပ်သန်း ၃၅၀ကျော် လျော်ကြေးပေး
(ဓာတ်ပုံ- မဇ္ဈိမ)

နေပြည်တော်(ဇွန်လ ၂၈ရက်၊ ၂၀၁၆ခုနှစ်)။ ။ လွန်ခဲ့သည့် ၂၀၀၃ခုနှစ်အတွင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပျဉ်းမနားမြို့ရှောင်လမ်းဖောက်လုပ်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနက သိမ်းဆည်းထားသော လယ်ယာမြေ ၁၇၂ဧက အတွက် လျော်ကြေးငွေအဖြစ် ကျပ်သန်း ၃၅၂ ဒဿမ ၅၈၃အား လယ်ယာမြေပိုင်ရှင်များထံ အစိုးရက ယနေ့ ပေးအပ်လိုက်သည်။

လယ်မြေတစ်ဧကလျှင် ကျပ် ၁၅သိန်း၊ ယာမြေတစ်ဧကလျှင် ၁၂သိန်းနှင့် သီးနှံလျော်ကြေးအဖြစ် ကျပ် ၅သိန်းနှုန်းဖြင့် မူလပိုင်ရှင်များထံ ဇွန်လ ၂၈ရက်က ပျဉ်းမနားမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပျဉ်းမနားမြို့နယ်မြေယာစီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်မြေစာရင်းအဖွဲ့အပါအဝင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများပူးပေါင်းကာ လျော်ကြေးငွေပမာဏကို  သတ်မှတ်လိုက်ခြင်းလည်း ဖြစ်သည်။

"မြေယာကော်မတီမှာ စီမံခန့်ခွဲမှုအဖွဲ့ရှိတယ်။ သူတို့က အဓိက တွက်ပေးထားတာပါ။ သူတို့က အောက်ခြေအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့မှ တွက်ချက်ပြီး ပြီးခဲ့တဲ့ သုံးနှစ်လောက်ကတည်းက သတ်မှတ်ထားတာပါ။ ငွေက အခုမှ ရတာပေါ့။ တောင်သူတွေအားလုံးကို တစ်ပြေးညီ ပေးလျော်တာ ဖြစ်ပါတယ်" ဟု ဒက္ခိဏသီရိခရိုင်၊ လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးအောင်က ပြောသည်။

၁၆မိုင်ခန့်ရှည်လျားသော နေပြည်တော် - ပျဉ်းမနားမြို့ရှောင်လမ်းတွင် ပျဉ်းမနားမြို့နယ်အတွင်း ဖြတ်သန်းဖောက်လုပ်မှုမှာ ၁၀မိုင်ခန့် ရှည်လျားသည်။ ယခု လျော်ကြေးငွေအဖြစ် ပြန်လည်ပေးအပ်ခြင်းမှာ ပျဉ်းမနားမြို့နယ်အတွင်း မြို့ရှောင်လမ်း ဖောက်လုပ်မှုတွင် သိမ်းဆည်းခံရသော ကင်ပွန်းတန်းရွာ၊ ညောင်ပင်သာရွာ၊ ကျီးအင်းရွာ၊ နတ်သူရဲရွာနှင့် သစ်လေးလုံးရွာမှ ဒေသခံများထံ ပေးအပ်ခြင်း ဖြစ်သည်။

"ကျွန်တော့ မိဘအမည်ပေါက်တဲ့ လယ်ကို ကျီးအင်းကျေးရွာနားမှာ သိမ်းခံထားရတယ်။ ဝဒဿမ ၇၇ဧကပါ။ မြေအတွက် ၁၅သိန်းနဲ့ သီးနှံအတွက် ငါးသိန်းရပါတယ်။ အဆင်ပြေလည်း ယူရမှာပဲ။ အဆင်မပြေလည်း ယူရမှာပါ။ ဘယ်လိုပုံစံနဲ့ တွက်ချက်ပေးတာလဲတော့ မသိဘူး" ဟု ပုရွက်ဆိတ်ကုန်းကျေးရွာမှ လယ်သိမ်းခံတောင်သူ ဦးမျိုးတင့်က ပြောသည်။

မြေပိုင်ရှင်အချို့ကမူ ကာလပေါက်ဈေးဖြင့် လျော်ကြေးငွေပေးအပ်သင့်ပြီး ယခုပြန်လည်ပေးအပ်သည့် ပမာဏမှာ အလွန်နည်းသည်ဟု ပြောကြသည်။ ၎င်းတို့ သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေများမှာ လက်ရှိအချိန်တွင် တစ်ဧလျှင် ကျပ်သိန်း ၂၀၀ခန့်အထိ ပေါက်ဈေးရှိသည်ဟု သိမ်းဆည်းခံမြေပိုင်ရှင်များက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags