လူငယ်ကစားသမားများ နေရာရရန် ယခုထက်ပိုကြိုးစားသင့်သည် ဟု ရန်ကုန်နည်းပြ သုံးသပ်

လူငယ်ကစားသမားများ နေရာရရန် ယခုထက်ပိုကြိုးစားသင့်သည် ဟု ရန်ကုန်နည်းပြ သုံးသပ်

ဇွန် ၂၈ ၊ ရန်ကုန်။          ။ ရန်ကုန်ယူနိုက်တက်အသင်း၏ လူငယ်ကစားသမားများအနေဖြင့် အသင်းမှာ နေရာတစ်ခုရရန် ယခုထက်ပိုပြီး ကြိုးစားသင့်သည် ဟု ရန်ကုန်အသင်းနည်းပြ ဦးမျိုးမင်းထွန်းက သုံးသပ်ခဲ့သည်။ ရန်ကုန်အသင်းသည် ပြီးခဲ့သည့် ဧရာဝတီအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် လိဂ်ပွဲစဉ် ၁၅ တွင် နိုင်ငံခြားသားနောက်ခံလူ ယာမာရှီတာအစား သိန်းဇော်အား ထည့်သွင်းကစားခဲ့ပြီး ယင်းပွဲတွင် သိန်းဇော်က အသင်းနှင့်အတူခြေစွမ်းပြကာ ဂိုးတစ်ဂိုး သွင်းယူပေးသွားနိုင်ခဲ့သည်။

“ ကျွန်တော်အနေနဲ့ အသင်းမှာ လူငယ်ကစားသမားတွေကို နေရာရအောင် ပေးချင်ပါတယ်။ ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်းတော့ အာမ မခံပါဘူး။ သူတို့ကို နေရာပေးချင်လာအောင် သူတို့ဘက်က ကြိုးစားမှုရှိဖို့လည်း လိုပါတယ်။ စီနီယာကစားသမားတွေရဲ့ နောက်မှာပဲ ပုံမှန်အတိုင်းလေ့ကျင့်နေမယ်ဆိုရင် နေရာပေးဖို့ အစီအစဉ် မရှိပါဘူး။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကတော့ လူငယ်ကစားသမားတွေကို နေရာပေးဖို့ပါပဲ။ အသင်းအတွက်လည်း ကစားသမားကောင်းလေးတွေ မွေးထုတ်ပေးချင်ပါတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင်လည်း ကြိုးစားအားထုတ်ဖို့တော့ လိုပါတယ် ” ဟု ဦးမျိုးမင်းထွန်းက သူ၏အမြင်ကို ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် လက်ရှိတွင် အသင်း၌ သန်းပိုင်၊ ဇာနည်ထက်၊ သီဟထက်အောင်၊ ဇွန်မိုးအောင်၊ စွမ်းထက်အောင်၊ နန်းဝေမင်း၊ ငြိမ်းချမ်းအောင်၊ ကျော်မင်းဦး အစရှိသည့် လူငယ်လက်ရွေးစင်ကစားသမားများ ရှိသော်လည်း ပုံမှန်ပွဲထွက်ခွင့် ရရှိခြင်းမရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly