တိုင်းရင်းမီဒီယာများ ပိုမိုဖွံ့ဖြိုးရေးနှင့် လုံခြံုရေး ပူးပေါင်းဆောင်ရွက်နိုင်ရန် သတင်းမီဒီယာကောင်စီ မျှော်လင့်

တိုင်းရင်းမီဒီယာများ ပိုမိုဖွံ့ဖြိုးရေးနှင့် လုံခြံုရေး ပူးပေါင်းဆောင်ရွက်နိုင်ရန် သတင်းမီဒီယာကောင်စီ မျှော်လင့်

ဇွန် ၂၈ ရက် ။              ။ တိုင်းရင်းမီဒီယာများ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ပြည်နယ်၊ တိုင်းဒေသရှိ တိုင်းရင်းသတင်းထောက်များ၏ လုံခြုံရေးများအတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (MPC) နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးမှုတရပ်ကို ဇွန်လ ၂၈ ရက်က ရန်ကုန်မြို့ရှိ Sumit Parkview ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

"အနာဂတ်မှာ တိုင်းရင်းမီဒီယာတွေနဲ့ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်နိုင်ဖို့၊ သူတို့တွေအတွက် sub grant တွေ ထုတ်ပေးသွားဖို့ အစီစဉ်တွေ ရှိပါတယ်။ ဒါ့အပြင် သတင်းမားများရဲ့ လုံခြုံရေးပေါ့ တရားစွဲဆိုမှုတွေ၊ အကြမ်းဖက်ခံရမှုတွေ၊ ဖမ်းဆီးခံရမှုတွေရှိတဲ့အခါ press council က လုံးဝတာဝန်ရှိသူအဖြစ် ရပ်တည်နိုင်ဖို့ အပြန်အလှန် ချိတ်ဆက်မှုတွေ အတွက် ကျနောတို့ အဖြေရှာနိုင်ဖို့ တွေ့ဆုံခြင်းပါ။" ဟု မြန်မာနိုင်ငံ သတင်းမီယာကောင်စီ အဖွဲ့ဝင် ဦးခိုင်မြတ်ကျော်က ပြောသည်။

ဆွေးနွေးပွဲကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဌ ဦးခင်မောင်လေး (ဖိုးသောကြာ)၊ အတွင်းရေးမှူး ဦးသီဟစောနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတကာသတင်းအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းရင်းမီဒီယာများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၅၀ ခန့် တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲတွင် သတင်းကောင်စီ၏ လတ်တလော ဆောင်ရွက်နေသော အခြေနေများနှင့် တိုင်းရင်းမီဒီယာများမှလည်း ၎င်းတို့၏ အခက်အခဲများကို အသီးသီး တင်ပြခဲ့ကြသည်။

"သတင်းရေးသားမှုကြောင့် လူထု၊ ဒါမှမဟုတ် သက်ဆိုင်ရာ အာဏာပိုင်တွက အရေးယူဆောင်ရွက်မှုတွေရှိလာတဲ့အခါ ကျနော်တို့က စာနယ်ဇင်းကောင်စီ၊ သတင်းရှေ့နေအဖွဲ့တွေကို တင်ပြ အကူညီတောင်းပေမယ့် လစ်လျူမှုတွေရှိပါတယ်။ ဝန်ကြီးတွေနဲ့ အစိုးရအဖွဲ့ကလည်း မီဒီယာကြီးတွေကိုပဲ ဦးစားပေး လက်ခံဖြေကြားပြီး တိုင်းရင်းမီဒီယာတွေကို မဖြေကြားလိုတာဟာ ယခင်အစိုးရထက် အနည်းငယ် ပွင့်လင်းမှု အားနည်းတယ်လို့ ဆိုရမှာပါ" ဟု ရခိုင်အခြေစိုက် Development သတင်းဂျာနယ် သတသ်းထောက်ချုပ် ဧကရာဇ်က ပြောသည်။

တက်ရောက်လာသည့် တိုင်းရင်းမီဒီယာများ၏ အဓိက အခက်အခဲမှာ ခွဲခြားဆက်ဆံခံရခြင်းနှင့် ငွေကြေးဆိုင်ရာ အခက်အခဲများ ဖြစ်ကြောင်း ဆွေးနွေးချက်များအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required