ပြည်နယ်အမှတ်အများဆုံး ပထမစွဲသည့် အိန္ဒိယကျောင်းသူ အင်တာဗျူးတစ်ခုဖြေရာ နိုင်ငံရေးသိပ္ပံက ချက်ပြုတ်နည်းဘာသာရပ်ဟု ပြောလိုက်မှ စာခိုးချကြောင်း ပေါ်ပေါက်ကာ အချုပ်ခန်းပို့ခံရ

ပြည်နယ်အမှတ်အများဆုံး ပထမစွဲသည့် အိန္ဒိယကျောင်းသူ အင်တာဗျူးတစ်ခုဖြေရာ နိုင်ငံရေးသိပ္ပံက ချက်ပြုတ်နည်းဘာသာရပ်ဟု ပြောလိုက်မှ စာခိုးချကြောင်း ပေါ်ပေါက်ကာ အချုပ်ခန်းပို့ခံရ

နယူးဒေလီ၊ ဇွန် ၂၇ ။              ။ အိန္ဒိယနိုင်ငံတွင် တက္ကသိုလ်ဝင်အထက်တန်းစာမေးပွဲ၌ ပြည်နယ်အလိုက်အမှတ်အများဆုံးဖြင့် ပထမစွဲခဲ့သည့် ကျောင်းသူတစ်ဦးမှာ စာခိုးချဖြေခဲ့ကြောင်း သိရှိ၍ အချုပ်ခန်းသို့ ပို့ဆောင်ခံရသည်။

အသက် ၁၇ နှစ်အရွယ် ရူဘီရိုင်ဆိုသည့် ကျောင်းသူက ဘီဟာပြည်နယ်စာမေးပွဲတွင် ထိပ်ဆုံးရမှတ်ဖြင့် အောင်မြင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ရူဘီက ဗီဒီယိုအင်တာဗျူးတစ်ခု ဖြေဆိုရာတွင် သူအဓိကယူခဲ့သည့် ဘာသာရပ် နိုင်ငံရေးသိပ္ပံဘာသာရပ်သည် ချက်နည်းပြုနည်းအကြောင်း သင်ကြားသည့် ဘာသာရပ်ဖြစ်ကြောင်း ဖြေဆိုလိုက်ခြင်းဖြစ်သည်။
 
ထိုဗီဒီယိုအင်တာဗျူးက အတောမသတ်နိုင်အောင် ပျံ့နှံ့သွားပြီးနောက် ရူဘီအား စာမေးပွဲ ပြန်စစ်ခဲ့သည်။ ရူဘီက ထပ်စစ်သည် စာမေးပွဲတွင်မူ ကျရှုံးခြင်မက ကျရှုံးခဲ့ရာ မူလအောင်ချက်ကို ပယ်ဖျက်ပြီး ရူဘီကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ရူဘီက တရားရုံးရောက်၍ ဇွန် ၂၆ ရက်တွင် ရာဇဝတ်တရားသူကြီးက ဇူလိုင် ၈ ရက်အထိ အချုပ်ထောင်ပြစ်ဒဏ် ချမှတ်လိုက်သည်။

ယင်းပြစ်ဒဏ်က ရူဘီသည် အသက်မပြည့်သေးသူဖြစ်၍ အချုပ်ထောင်ချမှတ်ခြင်းအား ဝေဖန်မှုများရှိပြီး လူငယ်ပြုပြင်ရေးကျောင်းသို့သာ ပို့သင့်ကြောင်း ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။

ရူဘီအနေဖြင့် အသက်မပြည့်သေးကြောင်းကို သက်သေအထောက်အထား တင်ပြရန် လိုအပ်ကြောင်း အမည်မဖော်သည့် ရဲအရာရှိတစ်ဦးက ပြောသည်။

ပြည်နယ်ဝန်ကြီးတစ်ဦးက ကျောင်းသားကျောင်းသူများအား အာဏာပိုင်များအနေဖြင့် အပြစ်ဒဏ်ပေးခြင်းအစား သင့်တော်သည့် စနစ်ကို ကျင့်သုံးရန် လိုကြောင်း သတင်းထောက်များကို ပြောသည်။

တစ်ချိန်တည်းတွင် စာမေးပွဲ၌ အမှတ်ကောင်းကောင်းဖြင့် အောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူ တစ်ချို့တစ်လေကိုလည်း ဖမ်းရန် ဝရန်းထုတ်ထားသည်။ ယင်းအနက် သိပ္ပံဘာသာတွင် ထိပ်ဆုံးအမှတ်အများဆုံးအောင်မြင်သော်လည်း H2O က ရေဖြစ်ကြောင်းကိုပင် မသိသည့် ကျောင်းသားတစ်ဦးလည်း ပါဝင်သည်။

ထိုသို့ အမှုကိစ္စများနှင့် ပတ်သက်ကာ ကျောင်းသားကျောင်းသူ ၁၈ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း အေအက်ဖ်ပီသတင်းက ဖော်ပြသည်။

ပြီးခဲ့သည့်နှစ်က ဘီဟာပြည်နယ်တွင် စစ်ဆေးခဲ့သည့် စာမေးပွဲများတွင် ဖြေဆိုနေသည့် ကျောင်းသားကျောင်းသူများထံ မေးခွန်းအဖြေများ ပစ်ပေးရန် မိဘဆွေမျိုများကိုယ်တိုင် နံရံများကို ကျော်ခွတက်နေကြသည့် ဓာတ်ပုံများ ကမ္ဘာ့သတင်းမီဒီယာများတွင် ပလူပျံသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required