နိုင်ငံလက်ရွေးစင်ကစားသမားဘဝပြီးဆုံးသွားပြီဟု မက်ဆီ ပြော

နိုင်ငံလက်ရွေးစင်ကစားသမားဘဝပြီးဆုံးသွားပြီဟု မက်ဆီ ပြော

ဇွန် ၂၇၊ အမေရိကန် ။            ။ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲဗိုလ်လုပွဲတွင် ချီလီအသင်းကို ရှုံးနိမ့်ခဲ့ရပြီးနောက် နိုင်ငံလက်ရွေးစင်ကစားသမားဘ၀ ပြီးဆုံးသွားပြီဖြစ်ကြောင်း အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ပြောဆိုလိုက်သည်။

ထိုဗိုလ်လုပွဲစဉ်တွင် ဂိုးမရှိသရေကျနေခဲ့သဖြင့် ပင်နယ်တီအဆုံးအဖြတ်ကန်ခဲ့ရာတွင် မက်ဆီမှာ ပင်နယ်တီလွဲချော်ခဲ့ပြီး လေးဂိုး၊ နှစ်ဂိုးဖြင့် အာဂျင်တီးနားတို့ ရှုံးနိမ့်ခဲ့ရသည်။
‘ကျွန်တော့်အတွက် နိုင်ငံလက်ရွေးစင်ကစားသမားဘဝက ပြီးဆုံးသွားခဲ့ပါပြီ။

ကျွန်တော်တတ်နိုင်သလောက် အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် ချန်ပီယံဆုကို မရရှိခဲ့တာကတော့ တကယ်ကို ဝမ်းနည်းဖို့ကောင်းပါတယ်’ ဟု မက်ဆီက ဆိုခဲ့သည်။

မက်ဆီသည် အာဂျင်တီးနားအသင်းနှင့်အတူ အိုလံပစ်ရွှေတံဆိပ်ဆုကိုသာ ရရှိခဲ့ဖူးပြီး လက်ရွေးစင်အသင်းကြီးနှင့် အဓိက ဆုဖလားများ ရယူနိုင်ခြင်း မရှိခဲ့ပေ။ ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ တစ်ကြိမ်၊ ကိုပါအမေရိကဖလားဗိုလ်လုပွဲသို့ သုံးကြိမ်တက်ရောက်ခဲ့ဖူးသော်လည်း မက်ဆီမှာ ဒုတယဖြင့်သာ ကျေနပ်ခဲ့ရသူ ဖြစ်သည်။

‘ဗိုလ်လုပွဲကို လေးကြိမ်ရောက်ခဲ့တယ်။ ဒါပေမဲ့ ဒါက ကျွန်တော့်အတွက် ဘာအဓိပ္ပါယ်မှ မရှိခဲ့ဘူး။ ချန်ပီယံဆုကို ရချင်လို့ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် ကျွန်တော်မရခဲ့ပါဘူး။ ဒါကြောင့် နိုင်ငံအသင်းက ကျွန်တော့်အတွက် ပြီးဆုံးသွားခဲ့ပြီလို့ ထင်ပါတယ်’ ဟု မက်ဆီက ပြောဆိုခဲ့သည်။

မက်ဆီသည် ယခု ကိုပါအမေရိကပြိုင်ပွဲတွင် ငါးဂိုးသွင်းယူနိုင်ခဲ့သည်။ လက်ရွေးစင်အသင်းအတွက် ၎င်းသွင်းယူခဲ့သည့်ဂိုးမှာ ၅၅ ဂိုးရှိသွားပြီဖြစ်ကာ အာဂျင်တီးနားနိုင်ငံ၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်စိုက်ထူနိုင်ခဲ့သူ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly