ဆေးပေးပေမယ့် မီးယူသလို

ဆေးပေးပေမယ့် မီးယူသလို

ရန်ကုန်ရဲ့ ယာဉ်ကြောပိတ်ဆိုမှုဟာ တစ်နေ့ထက် တစ်နေ့ ပိုလို့ ဆိုးရွားလာနေပါတယ်။ မောင်မှန် တို့တတွေ ကားကို အိမ်လုပ်နေတော့မယ့် သဘောပဲ။ ဒီကလည်း ကိုယ်ပိုင်ကားရှိမှ အဆင်ပြေမယ့် အတွေးပါ။ အများသုံး ကားကို အိမ်လုပ်နေရ လို့ကတော့ ဘယ်အဆင်ပြေမလဲနော၊ ထားပါတော့။

ခုနောက်ပိုင်း ယာဉ်ကြော အပိတ်ဆုံးကတော့ ကမ္ဘာအေး စေတီလမ်းလို့ သတင်းတစ်ရပ်ကဆိုပါတယ်။ ဟုတ်လည်း ဟုတ်တယ်။ ဒီလမ်းက ကျယ်လည်း ကျယ်ရဲ့သားနဲ့ ဘယ်လို ဖြစ်တယ် မသိဘူး။ ဝေဖန်သူတချို့ ကတော့ အဲဒီလမ်းပေါ်က မီးပွိုင့်တွေကြောင့် လို့ ပြောတယ်။ ဒါလည်း ဖြစ်နိုင်တာပဲ။ ချော်တွင်းကုန်းပွိုင့်တို့၊ ကုက္ကိုင်း ပွိုင့်တို့မှာ မီးပွိုင့်ရဲ့ အဆင်မပြေမှုတွေကို မောင်မှန် တစ်ခါ တစ်ခါ တွေးဖူးတယ်။ ကားအသွားအလာ မရှိတဲ့ဘက် ကို အကြာကြီး မီးစိမ်းပြထားပြီး ကားတန်းရှည်ကြီးဘက်ကို အကြာကြီး နီထားတာမျိုးပေါ့။

ဒီလို ကိစ္စတွေနဲ့ ပတ်သက်ပြီး ရန်ုကုန်မြို့တော် စည်ပင်၊ လမ်းတံတားဌာန တာဝန်ရှိသူတစ်ဦးက ဘာမှ တော့ လုပ်ဖို့ မရှိပါဘူး။ ကမ္ဘာအေးဘုရားလမ်းက မီးပွိုင့်တွေက Control Centre နဲ့ ချိတ်ဆက်ထားတာ၊ အဲဒါက JICA က လုပ်ပေးထားတာ၊ သူတို့ နည်းပညာနဲ့ လုပ်ပေးထားတာ၊ ဒါတွေကို ပြန်ပြီး ပြောင်းလဲဖို့ အစီအစဉ် မရှိပါ ဘူး။ JICA ရဲ့ ငွေကြေးအကူအညီနဲ့ လုပ်ပေးထား တာဆိုတော့ ပြန်ဖျက်ဖို့ မဖြစ်နိုင်ဘူး။ နောက်ထပ်ကူညီမယ့် ဟာတွေလည်း မကူညီဘဲ နေမှာပေါ့” လို့ ပြောဆိုခဲ့ပါတယ်။

နည်းပညာပိုင်းတွေ ဘာတွေတော့ မောင်မှန် နားမလည်ပါဘူး။ ဒါပေမဲ့ အသုံးပြုလို့ အဆင်မပြေသော်လည်းပဲ သူများက အကူအညီပေးထားတာမို့ ပြန်ဖျက်ဖို့ မဖြစ်နိုင်ဘူး။ နောက်ထပ် အကူအညီ မရမှာ စိုးတယ်ဆိုတဲ့ အပြောကတော့ သိပ်မဟုတ်ဘူး ထင်ပါတယ်။ ဘုန်းကြီးကို ဘီးနဲ့ ခေါင်းလိမ်းဆီ လာလှူတာကို နောက်ထပ် လာမလှူမှာ ငဲ့ပြီး လက်ခံထား ရတာမျိုးလား။ နောက် တာပါ။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ။ ကိုယ်သုံးလို့ အဆင်မပြေတာကိုတော့(အနည်းဆုံး) အကျိုးအကြောင်းလောက် တော့ ပြောပြရမှာပဲ။ မပြေလွန်းမက မပြေရင်လည်း မသုံးဘဲ ရပ်ပစ်တန် ရပ်ပစ်ရမှာပဲလို့ မောင်မှန် ယူဆမိပါတယ် ခင်ဗျာ။ ကူညီသူတွေရဲ့ စေတနာ ကိုစော်ကားတာတော့ မဟုတ်ပါဘူး။ အနာနဲ့ ဆေးတည့်အောင် ပေးမှ လူနာရော ကူညီသူပါ နှစ်ဦးနှစ်ဘက် အကျိုးရှိမှာပါ။

အနာနဲ့ ဆေး လွဲအောင်ပေးခဲ့တဲ့ ကိစ္စတွေ မောင်မှန်တို့ အများကြီး ကြုံခဲ့ရပြီးပါပြီ။ တစ်ပြည်လုံးလည်း နာခဲ့ရပါပြီ။ ၂၀၀၈ အခြေခံ ဥပဒေကြီး ပေါ်ပေါက်ပြီးသကာလ ၂၀၁၀ ရွေးကောက်ပွဲကြီးလုပ်ပါတယ်။ ရွှေဂုံတိုင် ကြေညာချက်ထုတ်ပြီး အတိုက်အခံက မာရေကျောရေ လုပ်နေခဲ့တယ်။ ၂၀၁၂ လည်း ရောက်ကရော၊ ဘေးတီးတဲ့ ဆေးနည်းတွေက တဖြည်းဖြည်း များလာတယ်။

ကြားဖြတ် ရွေးကောက်ပွဲရဲ့ ဆွဲငင်အားကလည်း ကြီးတယ်။ ဒီမိုကရေစီကို သွားဖို့ ရွေးကောက်ပွဲ တစ်လမ်း ပဲ ရှိသလိုလို ၊ ဘေးတီးဆေးနည်းတွေကလည်း တွန်းပို့ လောက လုပ်ကြရဲ့။ အထူးသဖြင့် အမေရိကန်၊ ဗြိတိသျှနဲ့ ဥရောပတို့ပါပဲ။

အဓိက အကျဆုံးကတော့ဆေးနည်းကို လက်ခံသူပါ။ကိုယ့်အနာနဲ့ တကယ်တည့်မယ် ထင်လို့ လား။ ဒါမှမဟုတ် ကိုယ်ဘာဖြစ်နေ မှန်းကို သေချာမသိတာလားတော့ မပြောတတ်ဘူးပေါ့လေ။ ဒီနေရာမှာ လူမမာ ဟာ ပုဂ္ဂလိက ဖြစ်နေရင်တော့ သိပ်အကြောင်း မဟုတ်ဘူးပေါ့လေ။ သူရွေးချယ်မှုနဲ့သူ၊ သူ့ဆေးချက်နဲ့သူ၊ အရွေးမှား ဆေးမှားလည်း တစ်ယောက်ပဲ ခံရမှာ၊ သိပ်ပြဿနာ မရှိဘူး။ ခုဟာက လူမမာဟာ တိုင်းပြည်နိုင်ငံ ဖြစ်နေ တယ်။

ဒီလိုနဲ့ ရွှေဂုံတိုင်ဟာ ခွေပုံယိုင်သွားခဲ့ပါတယ်။ တင်တင်ဝင်ပြီး ပြင်ပါရစေရှင့် ဖြစ်သွားတယ်။ ဟီလာရီ ကလင်တန်လည်း အပြန် လာပြီး ကောင်းချီးပေးပါတယ်။ ဂျိမ်းကမရွန်းလည်း တစ်ခေါက် တစ်ခါ အရောက်လာပြီး ဗမာပြည်အပေါ်ကို ကောင်းချီးမင်္ဂလာ ရောက်စေသော် ဆိုပြီး ဂစ်တာ တစ်လက်နဲ့ Carol Singing ဆိုပေးပါတယ်။

အများမျှော်လင့်ထားသလိုပဲ၊ တစ်ခါတည်း ကြားဖြတ် ပစ်လိုက်တာ ပြိုင်တယ်၊ နိုင်တယ်၊ စတိုင်တည့်ခဲ့ပေါ့။ လက်လက်ကို ထနေတာပဲ။ happy ending လိုလို ဘာလိုလို ထင်မှတ်မှာ ရပါတယ်ခင်ဗျာ။ စကတည်းက လွဲချက် နာရဲ့၊ လွှတ်တော်ဝင်တိုင်ဖို့ ကျမ်းသစ္စာကျိန်ဆိုရေးမှာ ၂၀၀၈ က ဇာတိပြတယ်။ နိုင်ငံရေး နှာစေး၊ ချောင်းဆိုး ခေါ် ရမလားပဲ။ ဒါလေးများ ဘာမီတွန်သောက်ပျောက်ပေါ့။ မသိလိုက်လို့ လိုလို၊ မကြားလိုက်လို့ လိုလိုနဲ့ တော်သလို ပဲ ဖြတ်ကျော်ခဲ့ကြပါတယ်။ ကကြီးရေက လောက်မှာတော့ အိုကေပါသေးတယ်။ သိပ်ပြဿနာ မရှိသေးပါဘူး။

အိုဘားမားကြီးကလည်း သူတို့ရဲ့ ဗမာပြည် ပေါ်လစီတွေ ချိန်း (Change) ပစ်လိုက်တာ ဘယ်လောက်တောင် အောင်မြင်ကြောင်း ကမ္ဘာပတ် ကြွားပါတယ်။ ဝက်(စ)ပွိုင့် စစ်တက္ကသိုလ် မိန့်ခွန်းမှာ တခမ်းတနား ထည့် သွင်းပြောကြားပါတယ်။ အင်္ဂလိပ်တွေလည်း ဒီလိုပါပဲ။ ဥရောပသမဂ္ဂကဆို လူရိုက်နည်းတွေတောင် သင်ကြား ပေးလိုက်ပါသေးတယ်။ တင်တင်ဝင်ပြီး ပြင်ပါစေရှင့် ဆိုတဲ့ ၂၀၀၈ ကတော့ နေ့လိုလို၊ ညလိုလိုနဲ့ ဘာမှန်းကို မသိပါဘူး။

ရိုးသားတဲ့ သမ္မတကြီးတို့၊ သမ္မတကြီးကို ယုံပါတယ်တို့ စတဲ့ အသံတွေ တွင်တွင်ကြား လာရတယ်။ အိမ်သာလို့ ဧည့်လာဆိုသလို ( အိမ်သာကို ဧည့်သည်လာတာ မဟုတ်ဘူးနော်) နိုင်ငံတကာပုဂ္ဂိုလ်တွေဆိုတာ ဝင်လာမစဲ တဖွဲဖွဲပါ။ ရွှေပြည်တော် မျှော်မဝေးပြီ ဘုလို့ ယုံကြည်နေ ဟန်ပါ၊ ဗမာပြည်ကို တစ်ယောက်ပြီး တစ်ယောက် ဆေးလာထိုးကြပါတယ်ခင်ဗျာ၊ ပြည်သူတွေက တော့ဒုံရင်း ပါပဲ။

ဒီနေရာမှာ မောင်မှန် ကြားဖြတ်တင်ပြစရာလေး ရှိလာပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော် လောက်က ထွက်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်ရဲ့ စာအုပ်တစ်အုပ် ရှိပါတယ်။ စာအုပ်ထဲမှာ အင်မတန် စိတ်ဝင်စားစရာ ကောင်းတဲ့ အကြောင်းအရာ လေးတစ်ခု ပါပါတယ်။(မောင်မှန် ဖတ်ရလို့ သိတာ မဟုတ် ပါဘူး။ RFA ရေဒီယိုက ပြောပြသွားလို့ သိတာပါ။) အမေရိကန် သမ္မတ အိုဘားမားက ဘာလီကျွန်းကို အသွား Air Force One လေယာဉ်ပျံကြီးပေါ်ကနေ မောင်မှန်တို့ရဲ့ အမေစုကို ဖုန်းဆက်သတဲ့၊ ဗမာပြည် အပေါ်ထားရှိတဲ့ စီးပွားရေး အရေးယူမှု ရုပ်သိမ်းပေးဖို့ အမေစု သဘောထားကို မေးတာပါ။

ဒီအမေးကို အမေစုက မီးစိမ်းပြခဲ့ပါသတဲ့။ (ဒါကို ဟုတ်ပါသလားလို့ RFA က မေးတဲ့အခါ ဟီလာရီ စကား လွန်တယ် လို့ပဲ ပြန်ဖြေခဲ့ပါတယ်။) မောင်မှန် အလိုအရတော့ မီးစိမ်းပြလိုက်သမှ အကြာကြီးပြတာပါ။ ကား အသွား အလာ မရှိတဲ့အထိကို စိမ်းပစ်တာ၊ တစ်ဘက်က ကားတန်းရှည်ကြီးနဲ့ တူတဲ့ ဗမာပြည်သူတွေကတော့ ကိုယ့်ဘက် စိမ်းနိုး၊ စိမ်းနိုးနဲ့ မျှော်တလင့်လင့် ရင်မောလို့။ စစ်တစ်ပိုင်းတွေကို မီးစိမ်းပြတာ ပြည်သူတွေကို မီးနီးပြ တာပါပဲ ခင်ဗျာ။

လွှတ်တော်ထဲရောက် နှစ်ပေါက်တော့မှပဲ ဓာတ်ပေါက်လေသလား မသိဘူး။ ဘေးတီးတဲ့ ဆေးနည်းတွေ လွဲနေပြီဆိုတာကိုလေ၊ လူနာက မျောနေပြီ၊ သတိမလည်တော့ဘူး။ နိုင်ငံခြားဆေး အားမကိုးတော့ဘဲ တိုင်းရင်း ဆေးပဲ ကမန်းကတန်း ဖော်တယ်။

စတုမဓူဆေး၊ လေးပွင့်ဆိုင်ဆေး ဖော်တယ်လေ၊ တစ်ဘက်က ကြုံသလို အပွင့်တွေ ဆိုင်ပစ်လိုက်တယ်။ နောက်ဆုံးခြောက်ပွင့် ဆိုင်နဲ့ အပေါက်အလမ်း တည့်မယောင်ယောင် ဖြစ်တယ်။ ဒါကလည်း မျှော်ရပါကြောင်း နွေမိုးဆောင်းပါ။ အခုတော့ ကတ္တီပါကား လိပ်ကြီး ချပါပြီ၊ ပြီးပါပြီပေါ့။  ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်က သဘောထားပေးလိုက်ပါပြီ။( မောင်မှန်ဖြင့် အဲသလိုကြီး ဖြစ်လိမ့်မယ်လို့ ထင်ကို မထားတာ၊ ထူးဆန်းအံ့သြ ရင်သပ်ရှုမောပါပဲ ခင်ဗျာ။)

ဒီအခြေရောက်တော့မှပဲ အမေရိကန် ဒီမိုကရက် အမတ်ရော၊ ရီပတ်ပလီကင် အမတ်ပါတွဲပြီး ကြေညာချက် ထွက်လာတယ်။ ဖွဲ့စည်းပုံပြင်ရေး တပ်ကိုယ်စားလှယ်များရဲ့ ကန့်ကွက်မှုဟာ လာမယ့် ရွေးကောက်ပွဲတွေရဲ့ လွတ်လပ်ပြီး တရားမျှတနိုင်ခွင့် အပေါ် စိုးရိမ်မှုတွေ ဖြစ်ပေါ်စေကြောင်း ပြောတယ်။ တဘက်က ပေးတာတော့ ဆေးပါပဲ၊ ကိုယ်နဲ့ သင့်၏ မသင့်၏ မသိလေတော့ တိုင်းပြည်အတွက် မီးယူလိုက်သလို ဖြစ်ရတယ်။ ယူသူကတော့ အဓိက တာဝန်ပေါ့ ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags