ဂရီးဇ်မန်းရဲ့ ဂိုးတွေနဲ့ နောက်တစ်ဆင့် တက်တဲ့ ပြင်သစ်

ဂရီးဇ်မန်းရဲ့ ဂိုးတွေနဲ့ နောက်တစ်ဆင့် တက်တဲ့ ပြင်သစ်
(ဓာတ်ပုံ - ယူရို ၂၀၁၆)

အိမ်ရှင် ပြင်သစ်က (၁၀) ကျန် အိုင်ယာလန်ကို နောက်က လိုက်ကစားခဲ့ရပြီး ပွဲအပြီးမှာ (၂-၁) ဂိုးနဲ့ အနိုင်ရရှိတာကြောင့် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ဂိုးဧရိယာအတွင်း ပေါ့ဘာက အိုင်ယာလန် တိုက်စစ်မှူး ရှိန်းလောင်းကို ဖြတ်ထုတ်ရာကနေ ပြင်သစ်တို့ ပထမပိုင်းအစ (၂) မိနစ်မှာပဲ ပင်နယ်တီ ဂိုးနဲ့ စပေးလိုက်ရပါတယ်။

ဒီပင်နယ်တီကို ဘရာဒီက ပြင်သစ် ဂိုးသမား ဟူဂိုလော့ရစ်ရဲ့ ဘယ်ဖက်ထောင့်ထဲကို ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဘရေဒီဟာ အီတလီကို အနိုင်ရတဲ့ပွဲတုန်းကလည်း အနိုင်ဂိုးကို ခေါင်းတိုက်သွင်းခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၀၄ ခုနှစ်က Dmitri Kirichenko ရဲ့ ဂိုးနောက်ပိုင်း ဒီဂိုးဟာ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ဒုတိယ အမြန်ဆုံး ဂိုးဖြစ်ပါတယ်။

ဒါပေမယ့်လဲ ပြင်သစ်တို့ ဒုတိယပိုင်းမှာ ဂရီးဇ်မန်းရဲ့ ဂိုးတွေနဲ့ ပြန်လာနိုင်ခဲ့ပါတယ်။ ပွဲချိန် (၅၈) မိနစ်နဲ့ (၆၁) မိနစ်တွေမှာ ဂရီးဇ်မန်းက နှစ်ဂိုးဆက် သွင်းသွားလို့ ပြင်သစ်က (၂-၁) ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ပြင်သစ်အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးကို သွင်းပေးခဲ့တဲ့ ဂရီးဇ်မန်းဟာ ဒီပြိုင်ပွဲမှာ သွင်းဂိုး (၃)ဂိုးထိ ရှိသွားပါပြီ။

ပွဲချိန် (၆၆) မိနစ်မှာ အိုင်ယာလန် နောက်ခံလူ ဒပ်ဖရီက ဂရီးဇ်မန်းကို ပြစ်ဒဏ်ကျူးလွန်လို့ အနီကတ်ပြ အထုတ်ခံခဲ့ရပါတယ်။

ပွဲချိန်နောက်ပိုင်းတွေမှာလည်း ပြင်သစ်တို့ ရရှိတဲ့ အခွင့်အရေးတွေ အသုံးမချနိုင်ပေမယ့် အနိုင်ရလဒ်ကို ရယူနိုင်ခဲ့တာကြောင့် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ပြင်သစ်ဟာ နောက်တစ်ဆင့်မှာ အင်္ဂလန် သို့မဟုတ် အိုက်စလန်နဲ့ ကစားရမှာဖြစ်ပါတယ်။

ပွဲပြီးရလဒ်

ပြင်သစ် ၂-၁ အိုင်ယာလန်
ဂိုး - ဂရီးဇ်မန်း (၅၈၊ ၆၁) မိနစ် | ဘရာဒီ ပင်နယ်တီ (၂) မိနစ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly