ဆလိုဗက်ကီးယားကို အလွယ်တကူ ကျော်ဖြတ်ပြီး ဂျာမနီတို့ ကွာတားတက်

ဆလိုဗက်ကီးယားကို အလွယ်တကူ ကျော်ဖြတ်ပြီး ဂျာမနီတို့ ကွာတားတက်
(ဓာတ်ပုံ - ယူရို ၂၀၁၆)

ယူရို ၂၀၁၆ ပြိုင်ပွဲရဲ့ ရေပန်းအစားဆုံး ဂျာမနီအသင်းက ဆလိုဗက်ကီးယားကို ဂိုးပြတ်အနိုင်ရပြီး နောက်တစ်ဆင့်တက်မှာ အီတလီ သို့မဟုတ် စပိန်နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

ဂျာမနီအသင်းက ပထမပိုင်းမှာ ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့သလို ဂိုးတွေလည်း သွင်းသွားနိုင်ခဲ့တာကို တွေ့ရပါတယ်။

ဂျာမနီ ဗဟိုနောက်ခံကစားသမား ဘိုတန်က ဂိုးဧရိယာအစပ် (၂၅) ကိုက်အကွာကနေ လှပတဲ့ volley အနိမ့်ကန်ချက်နဲ့ ပွဲချိန် (၈) မိနစ်မှာ အဖွင့်ဂိုးကို သွင်းယူခဲ့ပါတယ်။ ဘိုတန်အနေနဲ့  (၆၃) ကြိမ်မြောက် ပွဲထွက်ကစားခဲ့ပြီးနောက် ဂျာမနီအတွက် ပထမဆုံး ဂိုးသွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဂျာမနီက (၁၃) မိနစ်မှာ မာရီယို ဂိုမက်ဇ်ကြောင့် ရတဲ့ ပင်နယ်တီကို အိုဇေးလ်ကန်သွင်းတာကို ဆလိုဗက်ကီးယား ဂိုးသမားက အကောင်းဆုံး ရပ်တန့်နိုင်ခဲ့ပါတယ်။ ဒါဟာ ၂၀၁၀ ခုနှစ်က ပိုဒေါ့စကီး နောက်ပိုင်း အဓိက ပြိုင်ပွဲကြီးတွေမှာ ဂျာမနီအတွက် အိုဇေးလ်က ပထမဆုံးအကြိမ်အဖြစ် လွှဲချော်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လဲ မာရီယို ဂိုမက်ဇ်က (၄၃) မိနစ်မှာ ဂျာမနီအတွက် ဒုတိယဂိုးကို ထပ်မံသွင်းယူခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဆလိုဗက်ကီးယားက ကစားပုံပိုကောင်းခဲ့ပြီး ဂိုးသွင်းခွင့် အချို့လဲရရှိခဲ့ပါတယ်။ ဆလိုဗက်ကီးယားအတွက် အကောင်းဆုံးအခွင့်အရေးဖြစ်တဲ့ Juraj Kucka ရဲ့ ခေါင်းတိုက်ချက်ကို နူအာက ကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲချိန် (၆၃) မိနစ်မှာ ထောင့်ကန်ဘောကနေ ဒရက်ဇ်လာက ဂိုးသွင်းလို့ ဂျာမနီတို့ (၃)ဂိုးပြတ်နဲ့နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဂျာမနီက ပိုဒေါ့စကီး၊ ရှဝိန်းစတိုင်ဂါ၊ ဟိုဗီဒစ်တို့ကို လူစားလဲ ဝင်ကစားစေခဲ့ပါတယ်။

ဒီပွဲအပြီးမှာ ဂျာမနီ ဂိုးသမား နူအာဟာ လက်ရှိအချိန်ထိ ယူရို ၂၀၁၆ ပြိုင်ပွဲ (၄) ပွဲအတွင်း (အုပ်စုနှင့် ၁၆ သင်းအဆင့်)မှာ ပြိုင်ဘက် ကစားသမားတွေကို ဂိုးသွင်းခွင့် မပေးသေးတဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်နေခဲ့ပါတယ်။

ပွဲပြီးရလဒ်
ဂျာမနီ ၃-၀ ဆလိုဗက်ကီးယား
ဂိုး - ဘိုတန် (၈) မိနစ်၊ မာရီယို ဂိုမက်ဇ် (၄၃) မိနစ်၊ ဒရက်ဇ်လာ (၆၃) မိနစ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly