အာဆီယံ ယူ-၁၆ ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၆ အသင်း အပြီးသတ် လူစာရင်း ထုတ်ပြန်

အာဆီယံ ယူ-၁၆ ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၆ အသင်း အပြီးသတ် လူစာရင်း ထုတ်ပြန်
အာဆီယံ ယူ-၁၆ ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း (ဓာတ်ပုံ-ရွှေဘုတ်)

ရန်ကုန်၊ ဇွန် ၂၅ ။              ။ ၂၀၁၆ အာဆီယံ ယူ-၁၆ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း သည် ဇွန် ၂၅ ရက်တွင် အပြီးသတ် ကစားသမား ၂၃ ဦးစာရင်းအား တရားဝင် ထုတ်ပြန်လိုက်သည်။

မြန်မာ ယူ-၁၆ အသင်းသည် မန္တလေးအကယ်ဒမီမှ ကစားသမားများဖြင့် အခြေခံဖွဲ့စည်းထားပြီး ယခုနှစ် ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ်-၂ လူငယ် (အသက် ၁၈ နှစ်အောက်) ပြိုင်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်ကစားခဲ့သည့် အသင်းတစ်သင်း ဖြစ်သည်။

“အသင်းရဲ့ လက်ရှိပြင်ဆင်မှုအနေအထားကို အားရကျေနပ်ပါတယ်။ ကလေးတွေက လိဂ်မှာ ကစားခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ကစားရဲလာတယ်။ ပြိုင်ပွဲကတော့ အုပ်စုကျပ်တယ်လို့ ပြောလို့ရပေ မယ့် သေချာ တစ်ပွဲချင်း ပြင်ဆင်သွားမှာပါ။

ပွဲတိုင်းကို အရေးကြီးတဲ့ပွဲလို သဘောထားပြီး ကစားဖို့လည်း ကလေးတွေကို မှာထားပါတယ်။ အုပ်စု သြစတြေးလျ၊ ထိုင်း၊ ဗီယက်နမ် စတဲ့ အသင်းကောင်းတွေပါလို့ သေချာပြင်ဆင်သွားမှာပါ။

အရင်ဦးဆုံးတော့ အုပ်စုအဆင့်ကတက်နိုင်အောင် ကြိုးစားသွားမှာပါ။ အုပ်စုတက်သွားပြီးမှ နောက်တစ်ဆင့်တွေကို တစ်ပွဲချင်း ပြင်ဆင်သွားမှာပါ ” ဟု ယူ-၁၆ နည်းပြချုပ် ဦးညီညီလတ်က ပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည် ယခုနှစ် အာဆီယံ ယူ-၁၆ ပြိုင်ပွဲတွင် သြစတြေးလျ၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင် အစရှိသည့် အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက် လျက် ရှိသည်။

မြန်မာ ယူ-၁၆ အသင်းသည် အာဆီယံ ယူ-၁၆ ပြိုင်ပွဲကို ၂၀၀၂ ခုနှစ်မှ စတင်ကာ နှစ်စဉ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အအောင်မြင်ဆုံးအဖြစ် ၂၀၀၂ နှင့် ၂၀၀၅ တွင် ချန်ပီယံဆု ၊ ၂၀၀၆ နှင့် ၂၀၁၅ တွင် ဒုတိယဆု၊ ၂၀၁၁ တွင် တတိယဆု တို့ကို ဆွတ်ခူးထားနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required