လီဗာပူးလ်အသင်းနှင့်ရာသီကြိုခရီးစဉ်သို့လိုက်ပါရန် စတာလင်းငြင်းဆန်

လီဗာပူးလ်အသင်းနှင့်ရာသီကြိုခရီးစဉ်သို့လိုက်ပါရန် စတာလင်းငြင်းဆန်

ဇူလိုင် ၈၊ လီဗာပူးလ်။ ။ လီဗာပူးလ်အသင်း၏ ရာသီကြိုခရီးစဉ်သို့လိုက်ပါရန် ဆန္ဒမရှိကြောင်း စတာလင်းကပြောကြားလိုက်သည်။ အန်ဖီးလ်မှထွက်ခွာမည်ဟု ဖိအား ပေးထားသော အင်္ဂလန်လက်ရွေးစင်ကစားသမားသည် အာရှနှင့် သြစတြေးလျသို့သွားရောက်ခြေစမ်းရန်ထက် အင်္ဂလန်တွင်သာနေခဲ့ပြီး အနာဂါတ်ကိစ္စဖြေရှင်းရန်ဆန္ဒရှိနေခြင်းဖြစ်နိုင်သည်ဟု ဒေးလီးမေးလ်သတင်းစာက ဖော်ပြသည်။

လီဗာပူးလ်အသင်းက ပေါင်သန်း ၅၀ သတ်မှတ်ထားသော အသက် ၂၀ အရွယ် စတာလင်းကို မန်စီးတီးအသင်းက တတိယအကြိမ်ကမ်းလှမ်း လာခြင်း မရှိသေးပေ။ ယခင်ကမ်းလှမ်းမှုနှစ်ကြိမ်ဖြစ်သော ပေါင် ၃၅သန်းနှင့် သန်း ၄၀ ကို လီဗာပူးလ်အသင်းက ပယ်ချထားသည်။

မန်စီးတီးအသင်းမှထပ်မံကမ်းလှမ်းလာခြင်းမရှိသေးသော်လည်း စတာလင်းသည် စနေနေ့တွင် ထိုင်းသို့ခြေစမ်းခရီးသွားရန်စီစဉ်ထားသည့် လီဗာပူးလ်အသင်းနှင့်လိုက်ပါရန် ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။ လီဗာပူးလ်အသင်းသည် ပထမဆုံးလေးပွဲကို ဘန်ကောက်တွင် အင်္ဂါနေ့မှစတင် ကစားမည်ဖြစ်သည်။

စတာလင်း၏ငြင်းဆန်မှုကြောင့် လီဗာပူးလ်အသင်းတာဝန်ရှိသူများမှာ စည်းကမ်းပိုင်းဆိုင်ရာအရေးယူမှုများပြုလုပ်ရန်စဉ်းစားရမည်ဖြစ်သော် လည်း အထင်ကရခြေစမ်းခရီးစဉ်မတိုင်မီ ရှုပ်ထွေးမှုများဖြစ်ပေါ်လာမည်စိုး၍ လက်တွန့်နေဖွယ်ရှိသည်။

ယင်းသို့သောအခြေအနေမျိုးကို အာဆင်နယ်သို့ ဆွာရက်ဇ်ပြောင်းချင်နေသည့် လွန်ခဲ့သောနှစ်နှစ်ကလည်း လီဗာပူးလ်အသင်း ကြုံခဲ့ရဖူး သည်။ ဆွာရက်ဇ်အနေဖြင့် အသင်းတွင်ဆက်နေမည်ဟု ဆုံးဖြတ်ခြင်းမရှိမီ သီးခြားလေ့ကျင့်ခန်းဆင်းရန် ပြစ်ဒဏ်ချခံခဲ့ရသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly