မျိုးတုံးတော့မယ့်အန္တရယ် ရင်ဆိုင်နေရတဲ့ မိချောင်းတို့ပျော်စံရာ ကဒုံကနိသို့ အပိုင်း ၃

25 June 2016
မျိုးတုံးတော့မယ့်အန္တရယ် ရင်ဆိုင်နေရတဲ့ မိချောင်းတို့ပျော်စံရာ ကဒုံကနိသို့ အပိုင်း ၃

 “မိချောင်းတွေက ပြီးခဲ့တဲ့ မတ်၊ ဧပြီ၊ မေ၊ ဇွန် အဲဒီလေးလက သူတို့တွေ မိတ်လိုက်တဲ့ရာသီပေါ့။ အဲဒါပြီးလို့ရှိရင် သူတို့တွေ သိုက်ဆောက်တယ်။ သိုက်ကိုက်တယ်လို့ ခေါ်တယ် ဒီဘက်မှာက။ သိုက်ဆောက်ရင်လည်း လူတွေ အလွယ်တကူ လာလို့မရတဲ့ နေရာမျိုး နောက်ပြီးတော့ တောနက်တဲ့ နေရာမျိုး တိတ်ဆိတ်တဲ့ နေရာမျိုး သူတို့ သဘာဝ ဘေးအန္တရာယ်နဲ့ ကင်းတဲ့နေရာမျိုးတွေပေါ့၊ အဲလိုနေရာမျိုးတွေကို ရွေးပြီးလို့ရှိရင် အသိုက်ကိုက်တယ်။ အသိုက်ကိုက်ရင် အများဆုံး သူတို့ အသိုက်ကိုက်တဲ့အပင်က ငှက်ကြီးတောင်ပင်လို့ခေါ်တယ်။ အဲ့ဒီငှက်ကြီးတောင်ပင်ကို သူတို့က ပါစပ်နဲ့ကိုက် ကိုက်ပြီးတော့ အသိုက်ဖွဲ့ အမြီးတွေဘာတွေနဲ့ရိုက် ပြီးတော့ အိမ်တွေဘာတွေ ကျကျနန ဆောက်ပြီးတော့မှ သူတို့က ဥဥတာ”

ဒါကတော့ မိန်းမလှကျွန်းဘေးမဲ့တော တောအုပ်ကြီး ဦးဘိုဘိုလွင်က မိချောင်းတွေ မိတ်လိုက်ကြ ဥဥကြတဲ့အကြောင်း စတင်ရှင်းပြခဲ့တာပါ။

အဲသလိုမျိုး အိမ်ဆောက်တဲ့အခါကျတော့ မိချောင်း အထီးကြီးတွေက ဆောက်ကြတာလား။

“အမတွေကဆောက်ကြတာ။ အထီးတွေက မဆောက်ကြဘူး။

ဥ ဥခါနီး အမတွေက ဆောက်ကြတာပေါ။

အမတွေက ကိုယ့်ဘာသာကိုယ် ဆောက်ကြတာ”

အဲဒါဆို အဓိကက သူတို့က ကုန်းပေါ်တက်ကြတာဆိုတော့ နေပူစာ လှုံကြတာလား။

“နေပူစာလှုံကြတာလည်း ပါတယ်။ မိချောင်းတွေက သူတို့သဘောသဘာဝ အစာစားပြီးလို့ရှိရင် နေရောင်ခြည်ရဲ့ ဒဏ်ကိုယူပြီး အစာချက်ကြတယ်။ အဲတော့ အစာချေဖို့အတွက်ရယ် နေပူူစာလှုံဖို့အတွက်ရယ် သူတို့က ကုန်းပေါ်တက်ကြတယ်။ အခုလို ရေကျတဲ့အချိန်တွေဆို ရှေ့မှာ မိချောင်းတွေ့နိုင်တဲ့ အလားအလာတွေ အများကြီး ရှိတာပေါ့”

ဒီ မိန်းမလှကျွန်းမှာ လူကောနေသလား။

“မိန်းမလှကျွန်းမှာ လူနေလို့မရဘူး။ နေ့ခွင့်လည်း မပေးဘူး”

နေခွင့်မပေးဘူး။ ဘာကြောင့်လဲ။

“ဒါ ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ တားမြစ်ဧရိယာ ဖြစ်တဲ့အတွက် နေခွင့်မရှိတာပေါ့။ ”

အန္တရာယ် ရှိလို့ မဟုတ်ဘူးလား။

“အန္တရာယ်လည်း ရှိပါတယ်။ သဘာဝအတိုင်းရှိတဲ့ မိချောင်းတွေ ရှိတယ်လေ။ အဓိကက အဲဒီ မိချောင်းအန္တရာယ်ကြောင့် မိချောင်းတွေကို ထိန်းသိမ်းထားတဲ့အတွက် ဒီအထဲမှာ လူနေခွင့် လုံးဝကို မပေးတာပါ”

လူနေထိုင်မှုမရှိတဲ့ ဒီကျွန်းကြီးက သဘာဝရဲ့ အငွေ့အသက်တွေနဲ့ လုံးဝ ပြည့်နက်နေပါတယ်။ ခရီးတစ်လျှောက်လုံးလည်း ငှက်ကလေးတွေ ဒီရေတော့ သစ်ပင်တွေ တစ်ခါတစ်ခါ ဖျက်သန်းသွားတဲ့ လှေကလေးတွေကိုလည်း တွေ့ခဲ့ရပါတယ်။ အခုဆို မိန်းမလှကျွန်းရဲ့ အလယ်တည့်တည့်ကို ရောက်နေပါတယ်။ ဒီမှာ မိချောင်း ခေါင်းပို့စခန်းပေါ့။ ဒီမှာ ကနူးလှေလေးတွေ စီးရမယ်ပြောပါတယ်။ အတွေ့အကြုံသစ်လေးပေါ့။ ဒီချောင်းထဲမှာကို လက်နဲ့လှော်ရတဲ့ လှေလေးတွေကို စီးကြမှာပါ။ ဒီတံတားကနေ စီးရမှာတဲ့။ ဟိုမှာ ကနူးလှေလေးတွေ။ အဲဒီလှေက တစ်ယောက်ပဲ စီးရမယ်ပြောပါတယ်။ ထိုင်စရာ တစ်ယောက်စာပဲ ရှိတယ်ပြောပါတယ်။

အရမ်းကို ရင်ခုန်နေမိတယ်။ ကိုယ်လည်း ဘီလူးကျွန်းမှာ မွေးတယ်။ ဘီလူးကျွန်းမှာပဲ ကြီးလာတယ်။ လှေက သူများမောင်းတာပဲ စီးဖူးတယ်။ အခုလိုမျိုး မြစ်ထဲမှာ လှော်တက်နဲ့ တစ်ယောက်တည်း လှော်ရမယ် တစ်ယောက်တည်း စီးရမယ်ဆိုတော့ အရမ်းကြောက်နေတယ်။ လောလောဆယ်တော့ တည်တည်ငြိမ်ငြိမ် သွားနေပါတယ်။  

အခု ပိုးလောင်းကြီးချောင်းကို သွားနေပါတယ်။ ဒီပိုးလောင်းကြီးချောင်းသည်လည်း ဒီ မိန်းမလှကျွန်းထဲမှာပဲ ရှိနေပါတယ်။ မိန်းမလှကျွန်းထဲမှာပဲ စီးဆင်းနေတဲ့ ချောင်းပေါ့။ အဲဒီချောင်းမှာတော့ မိချောင်းကြီးတွေ အများအားဖြင့် ကျက်စားနေတယ် မိချောင်းတွေလည်း တွေ့ရနိုင်ခြေ ပိုများတယ်လို့ ဒီက အကိုကြီးက ပြောပါတယ်။ လာတုန်းကတော့ လမ်းတစ်လျှောက်မှာ ဘာမှ ထူးထူးခြားခြား မတွေ့ခဲ့ရဘူးပေါ့နော်။ မိချောင်းခေါင်းပုတ်စခန်းကနေ အခု ပိုးလောင်းကြီးချောင်းကို သွားနေပါပြီ။ မကြာခင်တော့ မိချောင်းကြီးတွေ တွေ့ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မိချောင်းကြီးတွေ ကျက်စားနေတာကို တွေ့ချင်လို့ အဓိက ဒီနေရာကို လာခဲ့တာပါ။

ချောင်းလေးတွေကလည်း တဖြည်းဖြည်းနဲ့ ကျဉ်းသထက် ကျဉ်းကျဉ်းလာတယ်။ အခုဆိုရင် အိမ့်မျက်တို့အဖွဲ့တွေ ပိုးလောင်းကြီးချောင်းကို ရောက်ဖို့ ချောင်းအကျဉ်းလေးတစ်ခုကို ရောက်နေပါတယ်။ ဒီချောင်းလေးက တော်တော်ကို ကျဉ်းတယ်။ ဒီချောင်းလေးထဲမှာ မိချောင်းတွေ ရှိနေတယ်ဆိုရင်တော့ မြင်ရဖို့အခွင့်အလမ်း အရမ်းများတယ်ပေါ့နော်။ ဒါပေမယ့်လည်း ဒီချောင်းကို ဖြတ်လာတာ တော်တော်ကို ကြာနေပြီ။ အခုထိလည်း မိချောင်းကြီးတွေလည်း မမြင်ရသေးဘူး။ ပြောရရင် စိတ်ထဲမှာ ဒီလောက် နီးနီးကပ်ကပ် တွေ့ရမယ်ဆိုရင်တော့ အရမ်းကို ကြောက်မှာ။ ဒါပေမယ့်လည်း မြင်ချင်တယ်။ အဓိက ဒီမိချောင်းကြီးတွေ သဘာဝအတိုင်း သွားလာနေတာကို မြင်ချင်လို့ မြင်ဖူးချင်လို့ ဒီလိုနေရာထိရောက်အောင် တစ်နေ့လုံးလည်း အချိန်ကုန်ခံပြီးတော့ လာခဲ့ရတာ။ အခုထိတော့ မတွေ့သေးဘူး။

ရေထဲမှာ ပေါ်နေသမျှ မြင်မြင်သမျှအရာတွေကို မိချောင်းလားဆိုပြီး လိုက်ကြည့်ရတာ တော်တော်ကို မောနေပြီ။ တချို့နေရာမှာဆိုလို့ရှိရင် ဓနိလက်တွေပေါ့နော် ဓနိအခိုင်လိုက်ကြီးကို ခုတ်ဖြတ်ထားတဲ့အခါကျတော့ ဓနိ အလယ်အရိုးတန်ကြီးနဲ့ ဓနိဖတ်က အစလေးတွေ အဲ့ဒါတွေက ရေထဲမှာ မျောနေတာရှိတယ်။ အဲဒီအခါကျတော့ အဝေးကကြည့်တော့ မိချောင်းရဲ့ ကျောကုန်းက အဆူးတောင်လိုမျိုးအရာနဲ့ တူတယ်ဆိုပြီးတော့ ခဏခဏ မိချောင်းလားဆိုပြီးတော့ လှေကို အရှိန်လျော့ပြီးတော့ ရပ်ကြည့်ရတာလည်း အမောပေါ့နော်။ ဒါပေမယ့်လည်း မတွေ့သေးဘူး။ ဒါပေမယ့်လည်း ခရီးလမ်း မဆုံးသေးပါဘူး။ ထပ်ပြီးတော့ ရှာနေပါတယ်။ မကြာခင်လည်း တွေ့ရမယ်လို့ မျှော်လင့်ပါတယ်။ စိတ်ထဲမှာလည်း အများကြီး ဆုတောင်းနေမိပါတယ်။

ဟော ဟို့ရှေ့မှာ လှေကလေးတစ်စီးတွေ့တယ်။ သူတို့က လှေကို စက်သတ်ခိုင်းနေတယ်။ ဒါကြောင့်မို့ စက်သက်လိုက်ရတယ်။ ဒီကတာဝန်ရှိတဲ့လူတွေ မှန်ပြောင်းနဲ့ကြည့်နေတယ်။ ကြည့်ရတာ ရှေ့မှာ မိချောင်းတွေ့နေတယ်။ မိချောင်း အခု အောက်ငုတ်သွားတယ်တဲ့။ ဒါဆို မိချောင်းတွေ့ရဖို့ အခွင့်အရေး ရှိနေပြီနဲ့ တူပါတယ်။ အဲ့ဒါကြောင့် ရင်ခုန် စိတ်လှုပ်ရှားစွာနဲ့ စောင့်နေပါတယ်။ မကြာခင်တော့ တွေ့ရမယ်လို့ မျှော်လင့်နေပါတယ်။

ရှေ့ကလှေကို စောင့်ကြည့်နေတယ်။ ဘာမှလည်း အချက်မပြသေးဘူးပေါ့နော်။ အဲ့တော့ မိချောင်းကြီး ဘယ်နားက ပေါ်လာမလဲဆိုတာ စောင့်ကြည့်နေကြတယ်။ ကြည့်နေကြတဲ့အချိန်မှာ ဒီဘက် နွံတွေထဲမှာ မိချောင်း မေးတင်ထားတာလားမသိဘူး ဝမ်းဗိုက်ရာကြီးလား မသိဘူး။ သိပ်မခွဲတတ်ဘူး။ ဒါပေမယ့် သေချာတာကတော့ မိချောင်းကြီး သွားလာထားတဲ့ အရာတစ်ခုပေါ့နော်။ အခု အိမ့်မျက်တို့အဖွဲ့ပေါ့နော် လုံးဝ စက်ကို သတ်ထားပြီးတော့ မိချောင်းကြီး ပေါ်လာမယ့်အနေအထားကို စောင့်ကြည့်နေတယ်။ ဒါပေမယ့် အခုချိန်ထိ ပေါ်လာတာ မတွေ့ရသေးသလို ပြန်ရမယ့်အကြောင်းကလည်း ရှိနေတယ်။ အချိန်လည်း နောက်ကျနေပြီ ပြန်ရမယ့်ခရီးကလည်း ဝေးတာကြောင့် အခုပဲ လှည့်ပြန်ပါတော့မယ်။

မိချောင်းကို တွေ့ချင်လွန်းလို့ တစ်နေ့လုံးလည်း အချိန်ပေးခဲ့တယ်။ ပြီးတော့ နေရာအနံှ့လည်း လိုက်ရှာခဲ့တယ်။ မိချောင်းတွေ ရှိနိုင်တယ်ဆိုတဲ့ နေရာတွေကိုလည်း လိုက်ရှာခဲ့တယ်။ ဒါပေမယ့် အခု ဒီအချိန်ထိလည်း မတွေ့သေးဘူး။ ဆက်ပြီးရှာဖို့ ဆက်ပြီး ကြည့်ဖို့ အခြေအနေလည်း မပေးတော့တာကြောင့် အခု ကဒုံကနိကို ပြန်ပါတော့မယ်။ စိတ်လျော့ပြီးတော့ ပြန်ရပါပြီ။

မိချောင်းကြီးတွေ တွေ့ရမယ်လို့ စိတ်ထဲမှာ အရမ်း မျှော်လင့်ခဲ့တယ်။ ပြီးတော့ ရင်ထဲမှာလည်း တွေ့ရမယ်လို့ မျှော်လင့်ထားပေမယ့် စိတ်ထဲမှာ အရမ်းလည်း ကြောက်နေတယ်။ တွေ့ရင် ငါဘယ်လိုလုပ်မလဲဆိုတဲ့ ကြောက်တဲ့စိတ်တွေ ရင်ခုန်တဲ့စိတ်တွေ စိတ်လှုပ်ရှားတဲ့ စိတ်တွေနဲ့ တစ်နေ့လုံးကို လိုက်ရှာခဲ့တယ်။ မိချောင်းတွေရဲ့ သဘာဝ လှုပ်ရှားမှုတွေကို လိုက်ရှာခဲ့တယ် ခုထိ ဘာမှမတွေ့ခဲ့ရလို့ ဒီကနေ့တော့ စိတ်လျော့ပြီး ပြန်ပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required