ရွှေတိဂုံအနီးက စီမံကိန်းများ အပြီးတိုင် ရပ်ပြီ

ရွှေတိဂုံအနီးက စီမံကိန်းများ အပြီးတိုင် ရပ်ပြီ

ရန်ကုန်၊ ဇူလိုင် ၇ ။    ။ အများက ကန့်ကွက်နေသည့် ရွှေတိဂုံ စေတီတော် အနီးရှိ ဒဂုံစီးတီး စီမံကိန်းအပါအဝင် စီမံကိန်းများကို အပြီးသတ် ရပ်ဆိုင်းလိုက်သည်ဟု သမ္မတဦးသိန်းစိန်၏ အမိန့်ဖြင့် ဇူလိုင် ၇ရက်တွင် သမ္မတရုံးက ထုတ်ပြန်လိုက်သည်။

"ရင်းနှီးမြှုပ်နှံသူများနှင့် ညှိနှိုင်းရာတွင် ၎င်းတို့ကလည်း လိုလားစွာ လက်ခံခြင်းကြောင့် လည်းကောင်း နှစ်ဦးနှစ်ဘက် သဘော တူညီချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ယခင် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်နှင့် အမှတ် (၁) မော်တော် ယာဉ်တပ်ရင်း နေရာဟောင်း တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းအားလုံးကို ဤအမိန့်ကြော်ငြာစာ ထုတ်ပြန်သည့်နေ့မှ စတင်၍ အပြီးသတ် ရပ်ဆိုင်းလိုက်သည်"ဟု သမ္မတရုံးက ကြေငြာလိုက်ခြင်းဖြစ်သည်။

ရွှေတိဂုံစေတီတောင် အနီးတွင် တင်ဒါအောင်ထားသည့် ကုမ္ပဏီများက နိုင်ငံတကာ အဆင့်မီ ဟိုတယ်များ၊ ကုန်တိုက်များ၊ စီးပွားရေး လုပ်ငန်းများ၊ လူနေအိမ်များ၊ ရုံးအဆောက်အအုံများ ဆောက်လုပ်ရန် တင်ပြမှုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ မြန်မာ နိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေများနှင့်အညီ စိစစ်ကာ ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့ပါသည်။

သို့သော် ယင်းစီမံကိန်းများ အကောင်အထည်ဖော်မှုကြောင့် ရဟန်းရှင်လူ ပြည်သူများက စိုးရိမ်ကာ သမ္မတထံ မေတ္တာရပ်ခံ စာများ ပေးပို့ခြင်း၊ ပညာရှင်အချို့က သုံးသပ်ချက်များကို သမ္မတထံ ပေးပို့ အကြံပြုခြင်း၊  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မရှင် နှင့် တပ်မတော်ကလည်း စီမံကိန်းအား ဆက်လက်ဆောင်ရွက်ရန် မသင့်ကြောင်း တင်ပြခြင်း အပြင် သမ္မတက  ရွှေတိဂုံစေတီတော် အပါအဝင် သိင်္ဂုတ္တရ ကုန်းတော်ရှိ စေတီပုထိုးများ၊ သာသနိက အဆောက်အအုံများ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံများအား မည်သည့် အကြောင်းကြောင့်မျှ ထိခိုက်မှု မဖြစ်ပေါ်ရေး ဦးစားပေး ဆောင်ရွက်ရန် လိုလားခြင်းကြောင့် ရပ်ဆိုင်းရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်စာတွင် ပါရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ယခင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်နှင့် အမှတ် (၁) မော်တော်ယာဉ် တပ်ရင်း နေရာဟောင်းတို့အား ဖွံ့ဖြိုးမှု လုပ်ငန်းများ ဆောင်ရွက်ရန် ရွှေတောင်ဖွံ့ဖြိုးမှု ကုမ္ပဏီလီမိတက်၊ Adventure Myanmar Tours and Incentives Co., Ltd.၊ သုခရတနာ ကုမ္ပဏီလီမိတက် နှင့် Marga Landmark Development Co.,Ltdတို့က တင်ဒါ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ စီမံကိန်းအား အပြီးသတ် ရပ်ဆိုင်းလိုက်ခြင်းကြောင့် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လျက်ရှိကြသည့် လုပ်ငန်းရှင်များ ထိခိုက်နစ်နာမှု မရှိစေရေးရန် အစိုးရ၏ အစီအစဉ်ဖြင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဟု ဆိုထားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်းရှိ ကာကွယ်ရေးဝန်ကြီးဌာနက ဆက်သွယ်ရေးတပ်ရင်းဟောင်း နယ်မြေ၏ ၄၉ ဧကအတွင်း လူနေအိမ်ရာများ၊ ရုံးခန်းများကို ဆောက်လုပ်ရန် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၈ ဒဿမ ၈၉သန်း (ကျပ်ငွေ သန်း ၈၉၀၀) ဖြင့် ပြည်တွင်းပြည်ပ ကုမ္ပဏီ ၅ခုတို့က ငှားရမ်းထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly