ဇူလိုင်လအတွင်း နိုင်ငံတကာခြေစမ်းပွဲများ ကစားရန် ယူ-၁၉ အသင်း စီစဉ်

ဇူလိုင်လအတွင်း နိုင်ငံတကာခြေစမ်းပွဲများ ကစားရန် ယူ-၁၉ အသင်း စီစဉ်
မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်း လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေစဉ်။ (ဓာတ်ပုံ-ရွှေဘုတ်)

ဇွန် ၁၈ ၊ ရန်ကုန်။             ။ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုများပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် လာမည့် ဇူလိုင်လအတွင်း၌ နိုင်ငံတကာခြေစမ်းပွဲများ ကစားရန် စီစဉ်လျက်ရှိသည် ဟု အသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပြောသည်။ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို စက်တင်ဘာ ၁၁ ရက်မှ ၂၄ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

“ အသင်းအနေနဲ့ ပြိုင်ပွဲမတိုင်ခင်အတွင်း နိုင်ငံတကာခြေစမ်းပွဲတွေ ကစားဖို့ စီစဉ်နေပါတယ်။ လက်ရှိလည်း ပုံမှန်လေ့ကျင့်နေပြီး ပြည်တွင်းကလပ်အသင်းအချို့နဲ့လည်း အချိန်ရရင် ခြေစမ်းပွဲတွေ ကစားနေပါတယ်။ ပြည်ပထွက်ဖို့ကတော့ ဇူလိုင်လအတွင်း ကစားနိုင်ဖို့တော့ အဖွဲ့ချုပ်ကို တင်ထားပါတယ်။ ဘယ်လိုခြေစမ်းကစားဖြစ်မယ်တော့ မသိရသေးပါဘူး။ အာဆီယံအသင်းတွေနဲ့ ဖြစ်ဖို့များပါတယ်။ ” ဟု ဦးမျိုးလှိုင်ဝင်းက ပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းကို လက်ရှိတွင် နည်းပြချုပ်အဖြစ် လက်ရွေးစင်ကစားသမားဟောင်း ဦးမျိုးလှိုင်ဝင်းက တာဝန်ယူကိုင်တွယ်လျက်ရှိပြီး ပဏာမကစားသမား ၂၈ ဦးဖြင့် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

မြန်မာ ယူ-၁၉ အသင်း၏ နိုင်ငံတကာခြေစမ်းပွဲများနှင့် ပတ်သက်၍ “ ယူ-၁၉ အသင်းအတွက် နိုင်ငံတကာခြေစမ်းဖို့အစီအစဉ်ကိုတော့ ကိုမျိုးလှိုင်ဝင်းက တင်ထားပါတယ်။ ဒါပေမယ့် အဖွဲ့ချုပ်အနေနဲ့ သူတို့အသင်းကို ဘယ်လိုစီစဉ်ဖြစ်မလဲ ဆိုတာ ဆွေးနွေးထားပါတယ်။ ဒီမှာပဲ ပြည်ပအသင်းတွေကို ဖိတ်မလား။ ဟိုမှာသွားကစားမလား ဆိုတာကို တိုင်ပင်နေပါတယ်။ ယူ-၁၉ အသင်းအတွက်လည်း အကောင်းဆုံးပံ့ပိုးပြီး ပြင်ဆင်မှုကောင်းကောင်း လုပ်ပေးသွားမှာပါ ” ဟု ဘောလုံးအဖွဲ့ချုပ်ဒု-ဥက္ကဌ ဦးသန်းဇော်က ပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် ၂၀၁၆ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ထိုင်း၊ လာအို၊ သြစတြေးလျ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား အစရှိသည့် အသင်းများနှင့် အုပ်စုကျပ်အတွင်း ကျရောက်လျက်ရှိသည်။ မြန်မာ ယူ-၁၉ အသင်းသည် အာဆီယံ ယူ-၁၉ ပြိုင်ပွဲကို ၂၀၁၁ ခုနှစ်မှ စတင်ကာ နှစ်စဉ်ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး အအောင်မြင်ဆုံးအဖြစ် ၂၀၀၅ ခုနှစ်တွင် ချန်ပီယံဆု တစ်ကြိမ် ဗိုလ်စွဲထားနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required