ပေါင်းလောင်းတောင်ကြောပေါ်က ရသေ့ရွက်ဘုရားသို့ ခဏတဖြုတ် ရောက်ရှိခြင်း

ပေါင်းလောင်းတောင်ကြောပေါ်က ရသေ့ရွက်ဘုရားသို့ ခဏတဖြုတ် ရောက်ရှိခြင်း
ဓာတ်ပုံ-ငြိမ်းဝေ(ကဗျာ့အိုးဝေ)

(ပထမ ပိုင်း )

 “ရသေ့ရွက်ဘုရား”စေတီ တည်ထားရာအောက်ဘက် ပေ ၂၀ ဝန်းကျင်ခန့်အကျယ်ရှိတဲ့ မြေနေရာကနေပြီး အပေါ်ကိုမော့ကြည့်တဲ့အခါ ကြီးမားလှတဲ့ ကျောက်တုံးကြီးတစ်ခုက ကိုယ့်နဖူးပေါ်တည့်တည့် ရုတ်တရက်ပြုတ်ကျလာတော့မယောင် ကျောက်စွန်းကြီးပေါ် တင်ရုံကလေးတင်နေတာ တွေ့လိုက်ရပါတယ်။

ပင်လယ်ရေမျက်နှာပြင်အထက် ၃၆၁၅ ပေအမြင့်မှာရှိတဲ့ ဒီကျောက်တုံးကြီးကို မော့ကြည့်လို့ရတဲ့ အဲဒီနေရာအကျယ်အဝန်းဟာ ယခင်ကတော့ အခုလောက် မြေအကျယ်ရှိခဲ့ဟန် မတူပါဘူး။ စေတီတော်ကြီးကို အောက်ဘက်ကနေပြီး မော့ကြည့်သပ္ပါယ်နိုင်အောင် နှောင်းလူတွေက ပြုပြင်လာကြရင်းက အခုလို ကျောက်တုံးကြီးအောက်တည့်တည့်နေရာမှာ ကျောက်တုံးကြီးကို လှည့်ပတ်မော့ကြည့်လို့ရလောက်တဲ့ အကျယ်အဝန်း ရင်ပြင်ကလေး ပေါ်လာခဲ့တာ ဖြစ်ပုံရပါတယ်။

ဒီကျောက်တုံးကြီးက ရသေးတစ်ပါးရဲ့ဦးခေါင်းနဲ့တူလို့ ဒီကျောက်တုံးပေါ်က ဘုရားကိုတော့  မွန်ဘာသာအားဖြင့် ရသေ့ရွက်ဘုရားလို့ခေါ်ခဲ့ကြတာပါ။  နောင် နှစ်ပေါင်းကြာလာတဲ့အခါကြမှ   နှောင်းလူတို့က ဆန်တော်ရှင်ကျိုက်ထီးရိုးဘုရားလို့ ခေါ်ဝေါ်ထင်ရှားလာခဲ့တာပါ။

ကျွန်တော်ရောက်သွားတဲ့အချိန်က ဘုရားစေတီနဲ့ ကျောက်တုံးကြီးကို ရွှေသင်္ကန်းကပ်လှူပြီးကာစ အချိန်ဖြစ်လို့ ကျောက်တုံးကြီးဟာ ရွှေရောင်တဝင်းဝင်းနဲ့ ထင်းထင်းပြက်ပြက်ဖြစ်နေပါတယ်။ မြူတွေ တိမ်တွေ ပါးသွားတဲ့ အခိုက်အတန့် ခဏတဖြုတ်အချိန်ကလေးအတွင်း ရွှေရောင်ထင်းထင်းဖြစ်နေတဲ့ ကျောက်တုံးကြီးပေါ်က စေတီကလေးကို စိတ်နဲ့လှမ်းပြီးပူဇော်ရတာ ကြည်နူးလန်းဆန်းစေပါတယ်။ အဲဒီအချိန် အခိုက်အတန့်ကလေးမှာပဲ ချက်ချင်းဆိုသလို ကျိုက်ထီးရိုးတောင်ကြောပေါ် မြူတွေ အုံကျင်းဖွဲ့တိုးဝင်လာကြပြီး မြင်ကွင်းအားလုံးလည်း မှုန်ဝါးသွားတတ်ပြန်ပါတယ်။

ဘူမိဗေဒ ပညာရှင်များရဲ့ ခန့်မှန်းမှုအရဆိုရင် ဒီကျောက်တုံးကြီးဟာ ငလျင်ကြောင့် တပါတ်နီးပါး လည်ခဲ့ဖူးတယ်ဆိုတဲ့အချက်ကို တွေးမိတော့ ကိုယ့်နဖူးထိပ်တည့်တည့်ပေါ်က ကျောက်တုံးကြီးကို   မော့ကြည့်နေတဲ့အခိုက် စိတ်ထဲမှာ အနည်းငယ် ထိတ်လန့်နေခဲ့မိပါသေးတယ်။

သမိုင်းအဆက်ဆက်မှာတော့ အောက်ခံကျောက်စွန်းကြီးနဲ့ အပေါ်က ကျောက်တုံးကြီးဟာ ကြက်မတဝပ်စာ လွတ်နေခဲ့ဖူးတယ်ဆိုတာတို့၊ နောက်ပိုင်းမှာ အပ်ချည်မျှင်ကို ဟိုဘက်ဒီဘက်တွန်းပြီး ဆွဲယူလို့ရတယ်ဆိုတာတို့၊ ယခုအထိ ကျောက်တုံးကြီးက လက်နဲ့အသာအယာတွန်းကြည့်ရင်ပဲ လှုပ်နေတယ်ဆိုတာတို့ကိုလည်း တဆက်တည်း တွေးလိုက်မိပါသေးတယ်။ အော် ကျိုက်ထီးရိုးစေတီရဲ့ အံ့မခမ်း သတင်းတွေထဲမှာ ဒီကျောက်တုံးကြီးနဲ့ပတ်သက်တဲ့သတင်းဟာ လူတွေကို စိတ်လှုပ်ရှားမှုအပေးဆုံး သတင်းတွေပဲဖြစ်မယ်ထင်ပါရဲ့။

 ကျောက်တုံးကြီးကိုမော့ကြည့်နေရင်းက ဒီကျောက်တုံးကြီးအပါဝင် ဒီပေါင်းလောင်းတောင်ကြောကြီးဟာ တချိန်တုန်းက ပင်လယ်ရေအောက်မှာရှိနေခဲ့တယ်ဆိုတာ သွားတွေးမိပါတယ်။ သဘာဝရဲ့ ပြဌာန်းမှုနဲ့ ဒီတောင်စောင်းတနေရာ ကျောက်စွန်းကျောက်တုံးတစ်ခုပေါ်မှာ နောက်ထပ်ကျောက်တုံးကြီးတစ်ခုက  ဟန်ချက်ညီညီ လာတင်နေတဲ့သဘောမို့ တွေးနေရင်းက အံ့သြဘနန်းဖြစ်မိပါသေးတယ်။

ရှေးယခင်က ငလျင်အကြိမ်ကြိမ်လှုပ်ခဲ့စဉ်ကတည်းက ဒီကျောက်တုံးကြီးဟာ ဒီအတိုင်း တည်မြဲနေနိုင်ခဲ့တာကိုလည်း အံ့သြမိပါသေးတယ်။ အထူးသဖြင့် ၁၉၃၀ ခုနှစ်အတွင်း လှုပ်ခဲ့တဲ့ ငလျင်ကြီးမှာလည်း ကျောက်တုံးကြီးဟာ နေရာမရွေ့ ရှိနေနိုင်ခဲ့ပါတယ်။ ကျောက်တုံးကြီးပေါ် တည်ထားကိုးကွယ်တဲ့စေတီသာ ပြိုကျပျက်စီးသွားပေမယ့် ကျောက်တုံးကြီးကတော့ အနေအထား မပျက်ရှိခဲ့ပါတယ်။

 ကြွမ်းကျင်သူပညာရှင်တချို့ကတော့ အဲဒီ ငလျင်ကြီးလှုပ်စဉ်အခါက ကျောက်တုံးကြီးဟာ တပါတ်နီးပါး လည်သွားခဲ့ဟန်တူတယ်လို့လည်း ယူဆကြပါတယ်။

ဗမာပြည်အရပ်ရပ်က ဘုရားဖူးခရီးသည်တွေနဲ့ နိုင်ငံတကာခရီးသည်တွေဟာ ဒီကျောက်တုံးကြီးရှိရာ ပေါင်းလောင်းတောင်ကြောပေါ်ကို ကားအဆင့်ဆင့်စီးပြီး လာခဲ့ကြရပါတယ်။ ကင်ပွန်းစခန်း တောင်ပေါ်စခန်းကနေပြီး တောင်ပေါ်ဘုရားရင်ပြင်အနီး ကားစခန်းအထိ တောင်တက်ကားနဲ့ လာကြရတဲ့ လမ်းခရီးကလည်း အသည်းတယားယားဖြစ်လောက်အောင် ရှိခဲ့ပါတယ်။ လမ်းအကွေ့ မော့အတက်နေရာတွေမှာ ကားပေါ်ကခရီးသည်တွေ တဟေးဟေးနဲ့ အသံထွက်ပြီး ထိတ်လန့်တကြား ရင်ခုန်လှုပ်ရှားစွာ လိုက်ပါလာခဲ့ရတဲ့ တောင်တက်ခရီးလည်းဖြစ်ပါတယ်။ ဒါပေမယ့် ကျိုက်ထီးရိုး တောင်တက်ကားတွေဟာ စက်အားကောင်းပြီး ကားမောင်းသူတွေကလည်း အင်မတန် ကားမောင်းကျွမ်းကျင်ကြပါတယ်။ 

(၂)

ဘုရားရင်ပြင်တော်နဲ့ မလှမ်းမကမ်း ကားဆိပ်မှာ ခရီးသည်ကားဆိုက်တယ်ဆိုရင်ပဲ အထမ်းသမားတွေနဲ့ ဈေးသယ်တွေ ကားဘေးကို အပြေးတပိုင်းရောက်လာကြပါတယ်။ အော်ကြခေါ်ကြနဲ့ ဆူညံနေပါတော့တယ်။ ကားအောက်ကိုရောက်လို့ ကြောပိုးအိပ်ကလေးလွယ်ပြီး ကျိုက်ထိုဟော်တယ်ရှိရာဘက် ထွက်လာပြန်တော့ အထမ်းသမားတစ်ယောက်က ဘေးကကပ်ပြီး တောက်လျှောက် ပါလာတဲ့ကြောပိုးအိပ် သူထမ်းပေးမယ့်အကြောင်းပြောရင်း ခတ်လှမ်းလှမ်းအထိတော့ ဇွဲနဲ့လိုက်လာပါသေးတယ်။

သုံးမိနစ်လောက် လျှောက်လာရင်ပဲ “ကျိုက်ထိုဟော်တယ်မှ လှိုက်လှဲစွာကြိုဆိုပါ၏” ဆိုင်းပုတ်ကြီးအောက်က စုံစမ်းရေးကောင်တာဆီ သွားရပ်လိုက်ပါတယ်။ မချိုချိုသင်းက ကြိုတင်ပြောဆို စီစဉ်ထားပြီးဖြစ်လို့ အခန်း သော့ကိုယူပြီး ကိုယ်နေမယ့်အခန်းဆီ ဟော်တယ်ဝန်ထမ်းတစ်ဦးနောက်က လိုက်သွားလိုက်ပါတယ်။ လှေကား တစ်ဆစ်ချိုး နှစ်ခု ဆင်းပြီးတဲ့အခါ ညာဘက်ထောင့်က အခန်းတခန်းရှေ့ရောက်လာပါတယ်။ အခန်းနံပါတ် ၁၀၁၂။

အခန်းရှေ့မှာကတည်းက မိုးရေတွေရှိနေသည့်တိုင် အဆောက်အဦး ဆေးရောင်ကအစ ဥရောပဆန်ဆန် ခြယ်သထားတဲ့ တည်းခိုခန်းနဲ့ လှေကားထစ်တွေကို သတိထားလိုက်မိတယ်။   လှေကားလက်တန်းတွေကအစ သပ်ရပ်လှပပါတယ်။

အခန်းထဲကို ဝင်လိုက်တော့ နှစ်ယောက်အိပ်ကုတင်ကြီးပေါ်မှာ တံဘက်တွေ ခေါက်တင်ပေးထားတာ၊ တီဗွီ၊ ကိုယ်လုံးပြည့်မှန်နဲ့တွဲလျက်စားပွဲ။ ကုတင်ဘေးက တယ်လီဖုံးစင်နဲ့ စားပွဲပု။ ဆက်တီစားပွဲ ဆက်တီကုလားထိုင် နှစ်လုံး။ ပြီးတော့ ရေခဲသေတ္တာအသေးစားတစ်လုံး။ ဖိနပ်နှစ်ရံ။ ထီး။ အပြည့်အစုံ သပ်သပ်ရပ်ရပ်။

သန့်ပြန့်ကျယ်ဝန်းတဲ့ ရေချိုးခန်းထဲက ရေချိုးပြီး ပြန်ထွက်လာတော့ ရေပူရေအေး အနေတော် ခတ်နွေးနွေးရေနဲ့ချိုးလိုက်ရလို့ ချက်ချင်းဆိုသလို လန်းဆန်းသွားရပါတယ်။

အချိန်မဆွဲတော့ပဲ ကင်မရာကိုလွယ်ပြီး အပြင်ထွက်လိုက်ပါတယ်။ မိုးတဖွဲဖွဲရွာနေတဲ့အပြင် မြူတွေဆိုင်းနေတာမို့ ပတ်ဝန်းကျင်တစ်ခုလုံး စိုစိုမှိုင်းမှိုင်းဖြစ်နေပါတယ်။ ငါးမိနစ်ခန့်အတွင်း ဘုရားရင်ပြင်တော်ပေါ် ကျွန်တော် ရောက်သွားပါတယ်။ ကင်မရာတစ်လုံးနဲ့ ရင်ပြင်တော်အနှံ့ မြင်ကွင်းနေရာတွေလိုက်ရွေး လိုက်ချိန် လုပ်ပါတယ်။

ဟော်တယ်ကအထွက် “မချိုချိုသင်း”ကို ဟော်တယ်မှာပြန်ပြီးထမင်းမစားဘူးဆိုတဲ့အကြောင်း အချိန်ကြာနေရင်လည်း စိတ်မပူဖို့ မှာခဲ့ရပါသေးတယ်။ မချိုချိုသင်းဆိုတာက ကျွန်တော်နဲ့ ဖေ့ဘုတ်ပေါ်မှာ သိကျွမ်းခင်မင်ခဲ့တဲ့ သားသမီးအရွယ် မိန်းကလေးပါပဲ။ သူက ကျိုက်ထိုဟော်တယ်ရဲ့ အထွေထွေမန်နေဂျာဖြစ်ပါတယ်။

 မိုးဖွဲတွေကျနေပေမယ့် တောင်အောက်မှာကတည်းက ခေါင်းစွပ်ပြီးဝတ်ရတဲ့ မိုးကာအပါးစားလေး ဝယ်ဝတ်လာခဲ့တာမို့ အဆင်ပြေပါတယ်။

ရာသီဥတုအခြေအနေကတော့ အတော်ဆိုးနေပါတယ်။ မြူတွေက အုပ်လိုက်သင်းလိုက် တောင်ကြောတစ်ခုလုံးပေါ် ဖုံးအုပ်နေတယ်။ မိုးဖွဲဖွဲကလည်း ရွာနေတယ်။ ဒါကြောင့်မို့ ဆန်တော်ရှင်ကျိုက်ထီးရိုးဘုရားကို ခတ်ဝေးဝေးက လှမ်းပြီး ဓါတ်ပုံရိုက်ဖို့ကတော့ မဖြစ်နိုင်သေးပါဘူး။ ဒါ့အပြင် ရာသီဥတု ဆိုးနေလို့ တခြားတောင်ကုန်းတွေဘက် တခြားဘုရားစေတီရှိရာဘက် ခြေဆန့်ဖို့ဆိုတာကလည်း မဖြစ်နိုင်ပြန်ပါဘူး။ ကျွန်တော့်အထင် ခရီးသည်အားလုံးလိုလို ဘုရားရင်ပြင်တော်တဝိုက်မှာပဲ အချိန်ကုန်ကြရမယ် ထင်ပါတယ်။ ဥပမာ မုဆိုးဒူးထောက်တောင်တို့ ကျီးပါးစပ်တို့လိုနေရာတွေဆီ သွားရောက်တဲ့သူ နည်းမယ်ဆိုတာကလည်း အသေချာပါပဲ။

 ကျွန်တော်ကတော့ မြူတွေ တိမ်တွေ မိုးရေတွေနဲ့ မြင်ရတဲ့မြင်ကွင်းကို တမင် ဓါတ်ပုံရိုက်ချင်လို့ မိုးတဖြိုင်ဖြိုင်ရွာနေချိန်မှာကိုပဲ ခရီးထွက်လာခဲ့တာဖြစ်လို့ ဓါတ်ပုံရိုက်လို့ကောင်းမယ့်အချိန်ကလေးနဲ့ မြင်ကွင်းကောင်းကောင်းတွေကိုပဲ စိတ်အားထက်သန်စွာ စောင့်ကြည့်လိုက်ရှာနေခဲ့ပါတယ်။

အလင်းရောင် အနည်းငယ်သန်းလာတဲ့အခါ မုဆိုးဒူးထောက်တောင်ဘက်သွားတဲ့ လှေကားထစ်အဆင်းများရဲ့ထိပ်မှာရပ်ပြီး မုဆိုးဒူးထောက်တောင်သွားရာ တောင်ကုန်းတောင်တန်းတွေဆီ ဓါတ်ပုံရိုက်ပါတယ်။ မုဆိုးဒူးထောက်တောင်တန်းရဲ့နောက်ဘက် ဟိုးခတ်ဝေးဝေးရောက်တဲ့အထိ တိမ်တွေဟာ တလွှာပြီးတလွှာ အဆုပ်လိုက် အခဲလိုက် အပွင့်လိုက် ကခုန်နေကြသလို မြင်နေရပါတယ်။

တခါ ရုတ်တရက်ဆိုသလို မုဆိုးဒူးထောက်တောင်နဲ့ ကျွန်တော်ရပ်နေရာ ကျိုက်ထီးရိုးစေတီတော် တောင်ကုန်းကြား မြူတွေ တရိပ်ရိပ်တိုးဝင်လာကြတဲ့အခါ၊ သူ့နောက်က မိုးစက်တွေပြေးလာနေတဲ့အသံသဲ့သဲ့ ကြားရတဲ့အခါ ဘုရားရင်ပြင်တော်ပေါ်စတင်တက်လာခဲ့ရာ မုဒ်ဦးဆီ ခတ်သုတ်သုတ် ပြန်လာခဲ့ပါတယ်။ မုဒ်ဦးနဲ့မလှမ်းမကမ်း ….တောင်ကြီးကိုလှမ်းမြင်နေရတဲ့အခြမ်း မျှော်ကြည့်လို့ရတဲ့ ကွက်လပ်ပေါ်ရောက်လာခဲ့ပါတယ်။ ကြီးမားလှတဲ့ ထီးကြီးသုံးလက် တန်းစီရှိနေတဲ့ ထိုင်စရာနေရာတွေမှာ ဝင်ထိုင်လိုက်ပါတယ်။ မိုးရေစက်တွေကလည်း အချိန်ကိုက်ဆိုသလို ရွာချလိုက်ပါတယ်။ ပတ်ဝန်းကျင်တခွင်လုံးလည်း မြူတွေ မိုးရေစက်တွေအောက် မှုန်ဝါးသွားရပြန်ပါတယ်။

   (၃)

ကျိုက်ထီးရိုးဘုရား အမည်နာမနဲ့ပတ်သက်ပြီး ခရစ်နှစ် ၁၈၃၀ ခုနှစ် စစ်ကဲကြီး ဦးရွှေနော်ရဲ့ မှတ်တမ်းအရဆိုရင် ထီးရိုးဝါးများ တောထအောင်ပေါက်တဲ့ ဒီနေရာမှာ ဘုရားတည်ထားတာမို့ ကျိုက်ထီးရိုးလို့ အမည်တွင်ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ခေတ်အဆက်ဆက် မြန်မာပဒေသရာဇ်မင်းများအနက် ဘုရင့်နောင်မင်းကတော့ ကျိုက်ထီးရိုးဘုရားရင်ပြင်တော်ပေါ်အထိ ကြွချီရောက်ရှိလာပြီး ထီးတော်သစ် တည်ခဲ့ဖူးပါတယ်။ ဒါဟာ ပဒေသရာဇ်မင်းအဆက်ဆက်အနက် ကျိုက်ထီးရိုးဘုရားကုန်းတော်ပေါ်ကို ပထမဆုံးနဲ့နောက်ဆုံးရောက်ရှိဖူးတဲ့ ဘုရင်တစ်ပါးပါပဲ။

ဘုရင့်နောင်ဟာ သူ့ရဲ့ဦးပေါင်းတော်ကိုဖျက်ပြီး ရွှေချိန် ၇၅ ကျပ်သား ကပ်လှူပူဇော်ပြီးမှ ထီးတော်သစ်တည်ခဲ့တာလို့ ဆိုပါတယ်။ တောင်ပေါ်ရောက်တဲ့အထိ ဆင်စီးပြီးပြီးတက်ခဲ့တာဖြစ်ပြီး ချွေရံသင်းပင်းများနဲ့တကွ မင်းခမ်းမင်းနားနဲ့အညီ ထီးတင်ပွဲ ကျင်းပခဲ့တယ်လို့လည်း ဆိုပါတယ်။

အခုတော့လည်း ကိုယ့်နိုင်ငံထဲက ခရီးသည်တွေတွင်မက ကမ္ဘာအရပ်ရပ်က ခရီးသည်တွေပါ ဒီပေါင်းလောင်းတောင်ကြောပေါ်က ကျိုက်ထီးရိုးဘုရားဆီ လာရောက်လည်ပတ်ကြ ဘုရားဖူးကြနဲ့ ရာသီမပြတ် စည်ကားတဲ့နေရာတနေရာ ဖြစ်လာခဲ့ပါပြီ။

မိုးရာသီအချိန်မှာတော့ တောင်တက်လမ်း ခက်ခဲတာကတကြောင်း နေရေးထိုင်ရေး သွားရေးလာရေး ခက်ခဲစေတာကတကြောင်းကြောင့် ခရီးသည် အနည်းငယ်သာ လာရောက်လေ့ရှိပါတယ်။ ကျွန်တော်ရောက်သွားတဲ့အချိန်မှာတော့ ရင်ပြင်တော်ပေါ်မှာ ခရီးသည် ငါးဆယ်ကျော်ခန့်သာ တွေ့ရပါတယ်။ ဥရောပတိုက်သား ဆယ်ယောက်လောက်နဲ့ အာရှက ထိုင်းလူမျိုးနဲ့ တရုတ်တွေ အုပ်စုနှစ်အုပ်စု ရောက်လာနေတာကိုလည်း တွေ့ခဲ့ရပါတယ်။ ကျနော် တည်းခိုနေတဲ့ ကျိုက်ထီးရိုးဟော်တယ်မှာလည်း ထိုင်းတချို့ အုပ်စုလိုက် တည်းခိုနေတာတွေ့ရပါတယ်။

ဘုရားကုန်းတော်ပေါ်တက်တဲ့ စောင်းတန်းတလျောက်၊ ရင်ပြင်တော်တဝိုက်နဲ့ ကျောက်တုံးကြီးအနီးတဝိုက်မှာပဲ လူခတ်ကျဲကျဲ တွေ့ရပါတယ်။ အထမ်းသမားတွေ၊ ဈေးသည်တွေကတော့ ခရီးသည်တွေကြား ဥဒဟို သွားလာနေကြ အော်ဟစ်ဈေးရောင်းနေကြပါတယ်။

ပေါင်းလောင်းတောင်ကြောပေါ်မှာ မြူတွေ ဖြန့်ကျက်နေရာယူလိုက်၊ မိုးရေစက်တွေ တဝေါဝေါကျလာလိုက်၊ ရုတ်တရက်ဆိုသလို ပြန်လင်းလာလိုက်နဲ့ ရာသီဥတုအပြောင်းအလဲကလည်း အချိန်နဲ့အမျှ ပြောင်းလဲသွားနေခဲ့ပါတယ်။

( ဒုတိယပိုင်းကို ဆက်လက်ဖတ်ရှုပါရန်….)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly