ပျက်ကျ ဂျက်တိုက်လေယာဉ်မှ လေယာဉ်မှူးတစ်ဦးကို လိုက်လံရှာဖွေနေသည့် ဗီယက်နမ် စစ်လေယာဉ် ပျောက်ဆုံးနေဟု ဆို

ပျက်ကျ ဂျက်တိုက်လေယာဉ်မှ လေယာဉ်မှူးတစ်ဦးကို လိုက်လံရှာဖွေနေသည့် ဗီယက်နမ် စစ်လေယာဉ် ပျောက်ဆုံးနေဟု ဆို

ဇွန် ၁၇ ။              ။ ဗီယက်နမ်နိုင်ငံတွင် ပြီးခဲ့သည့် ဇွန် ၁၄ ရက်က လေ့ကျင့်ရေးအစီအစဉ်တစ်ခုအတွင်း ပျက်ကျသွားခဲ့သည့် ဂျက်လေယာဉ်မှ လေယာဉ်မှူးတစ်ဦးကို လိုက်လံရှာဖွေနေလျက်ရှိရာ ယခုအခါ စစ်တပ်မှ ရှာဖွေရေးလေယာဉ်တစ်စီး ပျောက်ဆုံးနေခဲ့သည်ဟု သတင်းတစ်ရပ်တွင် ထုတ်ပြန်သည်။

လူကိုးဦးလိုက်ပါသွားသော အဆိုပါ ရှာဖွေရေးလေယာဉ်သည် ပျက်ကျ ဂျက်တိုက်လေယာဉ် Su-30 MK2 မှ လေယာဉ်မှူးတစ်ဦးကို လိုက်လံရှာဖွေနေခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁၆ ရက်က အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လေယာဉ်အဆက်အသွယ်ပြတ်တောက်သွားခဲ့ချိန်က ရာသီဥတုဆိုးရွားနေခဲ့ပြီး လေမိုးသည်းနေခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

ပြည်တွင်းသတင်းစာ The Thanh Nien သတင်းစာ၏ ဖော်ပြချက်အရမူ ယခုအခါ အဆိုပါပျောက်ဆုံးရှာဖွေရေးလေယာဉ်မှာ ပျက်ကျသွားခဲ့ပြီဟု ယူဆရပြီး ယင်းလေယာဉ်မှဟု ယူဆရသော အပျက်အစီးအချို့က ရှာဖွေရေးသမားများက တွေ့ရှိထားပြီဟု ဆိုထားသည်။ နိုင်ငံမြောက်ပိုင်း ဆိပ်ကမ်းမြို့ ဟိုင်ဖုန် မြို့ ကမ်းရိုးတန်းပြင်ပ ဘန်လောင်ဗီ ကျွန်းမှ ၈၁ ကီလိုမီတာ အကွာနေရာတွင် လေယာဉ်အပျက်အစီးအချို့ကို ရှာတွေ့ထားသည်ဟု ဖော်ပြထားသည်။ သို့သော် အာဏာပိုင်များက လေယာဉ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ အတည်ပြုထုတ်ပြန်ပြောကြားခြင်းမရှိသေးပေ။

ဇွန်လ ၁၄ ရက် လေ့ကျင့်ရင်းပျက်ကျသွားခဲ့သည့် ဂျက်လေယာဉ်မှ လေယာဉ်မှူးများကို ရှာဖွေရန် အာဏာပိုင်များက ရှာဖွေရေးသမား ၁,၅၀၀ စေလွှတ်ထားလျက်ရှိပြီး ယခုအခါ လူကိုးဦး လိုက်ပါသွားသော ရှာဖွေရေးလေယာဉ်တစ်စီး ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။ ပျက်ကျ ဂျက်လေယာဉ်မှ လေယာဉ်မှူးနှစ်ဦးအနက် တစ်ဦးကို ဇွန်လ ၁၅ ရက်က ရှာဖွေကယ်ဆယ်ထားနိုင်ခဲ့ပြီး ယခုအခါနောက်ထပ်တစ်ဦးကို ထပ်မံရှာဖွေနေရင်း ယခုကဲ့သို့ ဖြစ်စဉ်နှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required