ဇွန် ၁၆ ရက်၊ မြန်မာစံတော်ချိန်ည (ရး၃၀) မှာ ကစားသွားတဲ့ ယူရို ၂၀၁၆ အုပ်စု (ခ) ပွဲစဉ်၊ အင်္ဂလန်နဲ့ ဝေးလ်စ်တို့ပွဲမှာ စတားရစ်ချ်ရဲ့ နာကျင်အချိန်ပို သွင်းဂိုးကြောင့် အင်္ဂလန်တို့ ဝေးလ်စ်ကို အနိုင်ရရှိခဲ့ပါတယ်။ အင်္ဂလန်အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ လူစားဝင်လာတဲ့ ကစားသမားတွေက သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်အသင်းက ပွဲထွက်လူစာရင်းကို အပြောင်းအလဲမလုပ်ပဲ ဝေးလ်စ်ကတော့ ဂိုးသမားနေရာ အပြောင်းအလဲ လုပ်ထားပါတယ်။
ပထမပိုင်းတစ်ပိုင်းလုံး အင်္ဂလန်အသင်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေ ရရှိပေမယ့် ဂိုးအဖြင့် မပြောင်းလဲနိုင်တာ တွေ့ရပါတယ်။ စတာလင်အနေနဲ့အပိုင် အခွင့်အရေးရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာ တွေ့ရပါတယ်။
ပွဲချိန် (၄၂) မိနစ်မှာ ဘေးလ်က (၂၈) ကိုက် အကွာကနေ တိုက်ရိုက် ဖရီးကစ်ကန်သွင်းတာကို ဂိုးသမား ဂျိုဟတ်မကာကွယ်နိုင်ခဲ့တာကြောင့် ဂိုးဝင်သွားပါတယ်။ ဒီဂိုးဟာ ဝေးလ်စ်အသင်းက ဂိုးပေါက် တစ်ကြိမ်ကန်ရာမှာ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဘေးလ်အနေနဲ့ ယူရိုပြိုင်ပွဲ နှစ်ပွဲမှာ ဖရီးကစ်ကနေ (၂) ဂိုး သွင်းယူနိုင်ခြင်းလည်းဖြစ်ပါတယ်။
ဒုတိယပိုင်းမှာ အင်္ဂလန်အသင်းဟာ ကိန်းနှင့် စတာလင်အစား စတားရစ်ချ်နှင့် ဗာဒီတို့ လူစားဝင်ကစားခဲ့ပြီး အင်္ဂလန်ကပဲ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲကို စိုးမိုးခဲ့ပါတယ်။ ဒါ့ကြောင့် ပွဲချိန် (၅၅) မိနစ်မှာ ဗာဒီက အင်္ဂလန်အတွက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။
ဝေးလ်အသင်းဘက်က ဒီဂိုးကို လူကျွံဘောအဖြစ် ဒိုင်လူကြီးဆီ စောဒက တက်ခဲ့ပါတယ်။ ဗာဒီဟာ အဓိက ပြိုင်ပွဲကြီးတစ်ခုမှာ အင်္ဂလန်အတွက် ပထမဆုံးဂိုးသွင်းနိုင်တဲ့ လက်စတာ ကစားသမားတစ်ယောက်ဖြစ်လာပါတယ်။
ပွဲပြီးခါနီး နာကျင် အချိန်ပိုမှာတော့ စတားရစ်ချ်က အနိုင်ဂိုးသွင်းယူသွားပြီး အင်္ဂလန်တို့ (၂-၁)နဲ့ ဝေးလ်စ်ကို အနိုင်ရရှိခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် အင်္ဂလန်က တနင်္လာနေ့မှာ ဆလိုဗက်ကီးယားနဲ့ ကစားမယ့် ပွဲကို သရေကျရုံဖြင့် အလိုအလျောက် နောက်တစ်ဆင့်က တက်ရောက်နိုင်မှာဖြစ်ပြီး ဝေးလ်ကတော့ ရုရှားကို အနိုင်ကစားရအုံးမှာဖြစ်ပါတယ်။
အင်္ဂလန်က အုပ်စု (ခ) အတွင်းမှာ နှစ်ပွဲကစားထားရာ တစ်ပွဲနိုင်၊ တစ်ပွဲသရေနဲ့ (၄) မှတ်ရရှိထားပြီး ဝေးလ်ကတော့ တစ်ပွဲနိုင် တစ်ပွဲရှုံးက ဆလိုဗက်ကီးယားနဲ့ ရမှတ်တူ (၃) မှတ်နှင့် ရုရှားအသင်းက (၁) မှတ်သာ ရရှိထားပါတယ်။