ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ လူမင်း ရာထူးမှ နှုတ်ထွက်မှုကို အစည်းအရုံး နာယကများ ခွင့်မပြု

ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ လူမင်း ရာထူးမှ နှုတ်ထွက်မှုကို အစည်းအရုံး နာယကများ ခွင့်မပြု
ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

ရန်ကုန်၊ ဇွန် ၁၂ ။            ။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ အကယ်ဒမီလူမင်းက ရာထူးမှ နှုတ်ထွက်ရန် ထွက်စာတင်မှုကို ရုပ်ရှင်အစည်းအရုံး နာယကကြီးများ နှင့် ဦးစီးအမှုဆောင်များက လုံးဝခွင့်မပြုကြောင်း ဇွန် ၁၂ရက် အစည်းအဝေးတွင် ဆုံးဖြတ်လိုက်သည်။

အကယ်ဒမီလူမင်း၏ နုတ်ထွက်စာတင်မှုကို ခွင့်မပြုနိုင်သေးသည့်အပြင် သင့်တော်သော အချိန်ကာလ တစ်ခုမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ် ရွေးကောက်တင်မြှောက်ပွဲကို ကျင်းပပြီးစီးချိန် အထိ ဆက်လက် တာဝန်ထမ်းဆောင်ပေးရန် အများသဘောတူဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စရပ်မတိုင်ခင် အကယ်ဒမီလူမင်းက ၎င်း နှုတ်ထွက်စာတင်ရသည့်အကြောင်းရင်းကို “လက်ရှိအချိန်တွင် ရုပ်ရှင်ရိုက်ကူးရေးများ လစဉ်ဆက်တိုက်ဆိုသလို နယ်ထွက်ရိုက်ကူးရန် အကြောင်းများဖန်လာ၍ ဥက္ကဋ္ဌ တယောက်၏တာဝန်ကို ထမ်းဆောင်ရန် လုံလောက်သောအချိန် ပေးနိုင်ခြင်းမရှိပါ၍ ကျွန်တော့်ကြောင့်ရုပ်ရှင်လောကအတွက် နှောင့်နှေးကြန့်ကြာမှုများ၊ နစ်နာဆုံးရံှးမှုများ မရှိစေရန် နှုုတ်ထွက်ခွင့်တင်ရခြင်းဖြစ်ပါတယ်”ဟု ၎င်း၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားထားသည်။

လူမင်းသည် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ ဥက္ကဋ္ဌ တာဝန်ကို ၂၀၁၃ ခုနှစ် ဇွန်လမှ ယခုအချိန်ထိ သုံးနှစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

ဇွန် ၁၂ရက် အစည်းအဝေး ဆုံးဖြတ်ချက် နှင့် ပတ်သက်၍ အကယ်ဒမီလူမင်းကို မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ရာ အထွေအထူး ဖြေကြားခဲ့ခြင်းမရှိပေ။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ(၁) ဦးအေးကြူလေးကို မဇ္ဈိမက အစည်းအဝေးဆုံးဖြတ်ချက် နှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာ မေးမြန်းရာတွင်မူ အကယ်ဒမီလူမင်းသည် နယ်ရိုက်ကွင်း များလာပြီး အနုပညာလုပ်ငန်းကို ဇောက်ချလုပ်ကိုင်လိုသဖြင့် နှုတ်ထွက်စာတင်ခြင်းဖြစ်ကြောင်း၊ သို့သော် အသေးစိတ်ကို ၎င်းတို့ဘက်က ပြောဆိုခွင့်မရှိသေးကြောင်းသာ ဖြေကြားခဲ့သည်။

ရုပ်ရှင်အစည်းအရုံး အမှုဆောင်အဖွဲ့သစ်ကို ၂၀၁၂ ခုနှစ်မတ်လတွင် ရွေးကောက်ပြီးနောက် ဧပြီလအတွင်း လုပ်ငန်းတာဝန်များ စတင်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ မူလက ဥက္ကဋ္ဌအဖြစ် သရုပ်ဆောင် အကယ်ဒမီ ဇင်ဝိုင်းက ဆောင်ရွက်ခဲ့သော်လည်း ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ဥက္ကဋ္ဌဦးဇင်ဝိုင်း၏ ကျန်းမာရေး အခြေအနေအရ ဒုတိယဥက္ကဋ္ဌ (၁)ဖြစ်သည့် သရုပ်ဆောင်အကယ်ဒမီလူမင်းက ဥက္ကဋ္ဌအဖြစ် လွဲှပြောင်းတာဝန်ယူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required