ထားဝယ်မှ ထိုင်းနိုင်ငံသို့ ဆက်သွယ်ပေးမည့် လမ်းပိုင်း ၂၀၁၆ခုနှစ်တွင် စတင်မည်

ထားဝယ်မှ ထိုင်းနိုင်ငံသို့ ဆက်သွယ်ပေးမည့် လမ်းပိုင်း ၂၀၁၆ခုနှစ်တွင် စတင်မည်

ရန်ကုန်၊ ဇူလိုင် ၇ ။  ။ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း၏ ပထမအဆင့် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်း၊ ထားဝယ်မှ ထိုင်းနိုင်ငံ ကန်ချာနာဘူရီပြည်နယ်သို့ ဆက်သွယ်မည့် လမ်းပိုင်းကို လာမည့် ၂၀၁၆ခုနှစ်တွင် စတင်မည်ဟု Lloyd's Loading List.com သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

၁၃၈ ကီလိုမီတာ ရှည်လျားသည့် အဆိုပါလမ်းပိုင်းသည် ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ် နိုင်ငံတို့နှင့်လည်း ချိတ်ဆက်ပေးနိုင် မည် ဖြစ်သည်။

ထားဝယ်ရေနက် ဆိပ်ကမ်းသည် နောက်ပိုင်းတွင် တစ်နှစ်လျှင် ကုန်စည် တန်ချိန် သန်းပေါင်း ၂၅ဝ အထိ တိုးချဲ့နိုင် လိမ့်မည်ဟု လည်း မြန်မာ၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့က မျှော်လင့်ထားသည်။

ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ထားဝယ်အထူး စီးပွားရေးဇုန်စီမံ ကိန်းနှင့်စပ်လျဉ်း၍ သဘောတူ စာချုပ်တစ်ရပ်ကို ဇူလိုင် ၅ရက်က သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံသည် ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၅ဝ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ သဘောတူ စာချုပ်တစ်ရပ် လက်မှတ် ရေးထိုးခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ထားဝယ်အထူး စီးပွားရေးဇုန်သည် ကမ္ဘာ့ ကုန်စည်ဖြန့်ဖြူးရေး ဗဟိုဌာနသစ်တစ်ခု ဖြစ်လာလိမ့်မည် ဖြစ်ကြောင်းလည်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောကြားခဲ့သည်။

ထားဝယ်အထူး စီးပွားရေးဇုန်မှ တစ်ဆင့် အိန္ဒိယ၊ အရှေ့အလယ်ပိုင်း စသည့်ဒေသများသို့လည်း ကုန်စည်များ ပို့ဆောင်ပေးနိုင် မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly