လုပ်ကိုင်ခွင့်စောင့်နေသည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဒေါ်လာ နှစ်ဘီလီယံကျော်ရှိနေ

လုပ်ကိုင်ခွင့်စောင့်နေသည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဒေါ်လာ နှစ်ဘီလီယံကျော်ရှိနေ

အသစ်ပြန်လည်ဖွဲ့စည်းထားသည့် ရင်းနှီးမြုပ်နှံမှုကော်မရှင်အနေဖြင့် ဧပြီလမှစကာ တန့်ရပ်ထားသော အမေရိကန်ဒေါ်လာ ၂ ဒဿမ ၃ ဘီလီယံဖိုးရှိ အဆိုပြုထားသည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု စီမံကိန်းများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ယခုလတွင် စတင်စစ်ဆေးနေပြီဖြစ်ကြောင်း အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးမှ စီးပွားရေးယိုယွင်းခဲ့ရသည့် မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် နိုဝင်ဘာရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အနိုင်ရခြင်းနှင့် အမေရိကန်ကလည်း ဒဏ်ခတ်ပိတ်ဆို့မှုများ ဖြေလျှော့လာခဲ့ခြင်းတို့အားဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ပိုမိုစီးဝင်လာမည်ဟု မျှော်လင့်ရသည်။

သို့သော်လည်း ဧပြီလက အစိုးရသစ် တာဝန်ယူချိန်မှစကာ လုပ်ငန်းစီမံကိန်းများအား ခွင့်ပြုချက်ချထားပေးနိုင်သော အာဏာပိုင်အဖွဲ့ဖြစ်သည့် မြန်မာ့ရင်းနှီးမြုပ်နှံမှုကော်မရှင် MIC က သမ္မတရုံးမှ ကော်မရှင် အသစ်ပြန်လည်ဖွဲ့စည်းမှုကို စောင့်ဆိုင်းနေခဲ့ရခြင်းကြောင့် အဆိုပြုထားကြသော ရင်းနှီးမြုပ်နှံမှုများကို လက်မှတ်ရေးထိုး ခွင့်ပြုချက်ချထားပေးခြင်းက တစ်ခုမှ မရှိသေးပေ။ သမ္မတဦးထင်ကျော်က ကော်မရှင်အား အသစ်ပြင်ဆင်ဖွဲ့စည်းမှုကို မကြာသေးမီကမှ ကြေညာခဲ့ခြင်းဖြစ်သည်။

ဧပြီလမှစကာ အဆိုပြုလျှောက်ထားပြီး စောင့်ဆိုင်းနေသည့် ရင်းနှီးမြုပ်နှံမှုစီမံကိန်းပေါင်းက ၁၀၂ ခုရှိကြောင်း ပြန်လည်ခန့်အပ်ခြင်းခံရသည့် MIC ၏ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။ အဆိုပြုစီမံကိန်းများ၏ တစ်ဝက်ခန့်မှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများဖြစ်ပြီး စုစုပေါင်းတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ ဒဿမ ၃ ဘီလီယံ ဝန်းကျင်ရှိသည်။

ကော်မရှင်ဖွဲ့စည်းရေး သင့်တော်သောသူများအား NLD အစိုးရက ရွေးချယ်နေရခြင်းကြောင့်သာ ယခုကဲ့သို့ နှောင့်နှေးနေရခြင်းဖြစ်ကြောင်း၊ သို့သော်လည်း စီးပွားရေးအသိုက်အဝန်းများကြားတွင်မူ အချိန်ကြာစောင့်ဆိုင်းရခြင်းကြောင့် စိုးရိမ်မှုများ မြင့်မားနေကြောင်းလည်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly