မက္ကဆီကိုတွင် သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် မိသားစုဝင် ၁၁ ဦး သေဆုံး

မက္ကဆီကိုတွင် သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် မိသားစုဝင် ၁၁ ဦး သေဆုံး

ဇွန် ၁၁ ။               ။ မက္ကဆီနိုင်ငံရှိ ဝေးလံခေါင်းပါးသော တောင်ပေါ်ကျေးရွာတစ်ခုတွင် နေထိုင်သော မိသားစုတစ်စုကို ဇွန်လ ၁၀ ရက်က သေနတ်သမားများက လာရောက်ပစ်ခတ်သွားခဲ့ရာ ကလေးငယ်နှစ်ဦးအပါအဝင် မိသားစုဝင် ၁၁ ဦး သေဆုံးခဲ့ရကြောင်း အာဏာပိုင်များက ပြောသည်။

နိုင်ငံရှိ Puebla ပြည်နယ် El Mirador အရပ်တွင် နေထိုင်သော မိသားစုကို ယခုကဲ့သို့ သေနတ်သမားများက ပစ်သတ်သွားခဲ့ရာ အမျိုးသမီးကြီးငါးဦး၊ အမျိုးသား လေးဦးနှင့် မိန်းကလေးငယ်နှစ်ဦးတို့   သေဆုံးသွားခဲ့ရသည်။ ယခုကဲ့သို့ ပစ်သတ်သွားရခြင်း၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။

" ဒဏ်ရာသိပ်မပြင်းတဲ့ အခြားမိန်းကလေးနှစ်ယောက်ကိုတော့ ဆေးရုံကို ပို့နိုင်ခဲ့ပါတယ်" ဟု ဒေသအကြီးအကဲ ဗစ်စင်တီ လိုပက်ဇ် က ပြောသည်။

အဆိုပါ မိသားစု နေထိုင်သော နေအိမ်သို့ သေနတ်သမားများ ရောက်ရှိလာပြီး အချက်ပေါင်းများစွာ တစ်ရစပ် ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း ကနဦးသတင်းများအရ သိရသည်။

အဆိုပါ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ကျူးလွန်သွားခဲ့သော သေနတ်သမားများလက်ရှိအချိန်တွင် ထွက်ပြေးနေသော်လည်း သံသယရှိသူနှစ်ဦးအား ဖော်ထုတ်သိရှိထားပြီးဟု အာဏာပိုင်များက ပြောသည်။

အမည်မဖော်လိုသူ ပြည်နယ်တရားရေး ဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အရ ယခုဖြစ်စဉ်မှာ ပုဂ္ဂိုလ်ရေး မုန်းတီးမှုကြောင့် ဖြစ်သည်ဟု ဆိုသည်။ " ဒီဖြစ်စဉ်မှာက ကျွန်တော်သိသလောက်ကတော့ သတ်သွားတဲ့သူတွေထဲက တစ်ယောက်က အသတ်ခံရတဲ့ မိသားစုဝင် အမျိုးသမီးတစ်ယောက်ကို အဓမ္မကျင့်ပြီး ကိုယ်ဝန်ရှိစေခဲ့ပါတယ်၊ အဲဒီ ကိစ္စတွေနဲ့ သူတို့တွေ ပြဿနာတွေ ဖြစ်ပြီး ခုလိုမျိုး ဟိုဘက်က အပေါင်းပါတွေ ခေါ်ပြီး မိသားစုတစ်စုလုံးကို လာသတ်သွားတာပါ" ဟု ၎င်းက ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required