စင်ကာပူဝန်ကြီးချုပ်အား Lipton Tea နှင့် ဧည့်ခံသည်ကို အဆင့်နိမ့်သည်ဟု ဦးအေးနေဝင်းက ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်

စင်ကာပူဝန်ကြီးချုပ်အား Lipton Tea နှင့် ဧည့်ခံသည်ကို အဆင့်နိမ့်သည်ဟု ဦးအေးနေဝင်းက ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်
(ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး)

နိုင်ငံတော်ဧည့်ခံပွဲတွင် တိုက်ကျွေးသည့် လက်ဖက်ရည်နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေးဖြစ်သူက ဝေဖန်မှု ပြု၍ ဂယက်ရိုက်ခတ်သွားခဲ့သည်။

 

ဦးနေဝင်း၏ မြေးဖြစ်သူ ဦးအေးနေဝင်းက ဇွန် ၇ ရက်က နိုင်ငံတော်ညစာစားပွဲတွင် Lipton ဖြင့် တိုက်ကျွေးဧည့်ခံမှုက ဂုဏ်မရှိ အဆင့်နိမ့်ကာ ရှက်စရာဟူ၍ ဖေ့ဘုတ်တွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည်။

 

“ဘုရားမပါ။ ခုလို ဂုဏ်မဲ့တာမျိုး နိုင်ငံတော်ညစာစားပွဲမှာ ဘယ်သူများ တည်ခင်းဧည့်ခံတာပါလဲ။ အနည်းဆုံးတော့ Twinning’s Earl Grey ဒါမဟုတ်မဟုတ် Fortnum နဲ့ Mason’s Queen Anne Tea လို လက်ဖက်ရည်မျိုးနဲ့ ဧည့်ခံရမှာပေါ့။”ဟု ဖေ့ဘုတ်တွင် ဦးအေးနေဝင်းက ရေးခဲ့သည်။

 

အသက် ၃၉ နှစ်ရှိသည့် စီးပွားရေးလုပ်ငန်းကြီးများ လုပ်ကိုင်နေသည့် ဦးအေးနေဝင်းက နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား အဘွားကြီး(Old Girl)ဟု၍ သုံးနှုန်းထားကာ ရေးသားထားသည်။

 

“အဘွားကြီးအနေနဲ့က ပိုကောင်းတဲ့ လက်ဖက်ရည်ကို သောက်ဖူးလိမ့်မယ်လို့ ကျွန်တော် ယုံပါတယ်။ ခုလို လက်ဖက်ရည်မျိုးနဲ့ တည်ခင်းဧည့်ခံဖို့တော့ မသင့်ပါဘူး။ စီးတီးမတ်မှာ အိတ် ၂၀ ကိုမှ ဒေါ်လာ ၁၃ ဒေါ်လာနဲ့ ဝယ်နိုင်တဲ့ Twinning’s လက်ဖက်ရည် ဝယ်နိုင်တဲ့ အချိန်မှာ ငွေခြွေတာဖို့အတွက်ဆိုတာမျိုး ကျွန်တော်ကို ပေါကြောင်ကြောင် ဆင်ခြေထင်မြင်ချက်တွေ မပေးပါနဲ့။”ဟု ၎င်းက ရေးသားသည်။

 

လန်ဒန်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သည့် ဦးအေးနေဝင်းက ယင်းဖေ့ဘုတ်ပို့စ်တွင် Fortnum & Mason’s လက်ဖက်ရည်ပုံကိုပါ ပူးတွဲတင်ခဲ့ခြင်းဖြစ်သည်။

 

စစ်အုပ်ချုပ်ရေးမှ ရုန်းထွက်လာသည့် မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်နေဝင်း မျိုးဆက်၏ ပြဿနာများ မွေးဖွားဖန်တီးလာဖွယ်ရှိသည့် အရိပ်လက္ခဏာလည်းရှိကြောင်း သတင်းတွင် ဖော်ပြသည်။

 

အဆိုပါ နိုင်ငံတော်ညစာစားပွဲကို မတ်လအကုန်က ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အာဏာရပြီးနောက် ပထမဆုံး အလည်အပတ်အဖြစ် လာရောက်သည့် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းအတွက် တည်ခင်းဧည့်ခံခဲ့ခြင်းဖြစ်သည်။

 

ညစာစားပွဲသို့ သမ္မတဦးထင်ကျော်က အိမ်ရှင်အဖြစ် တည်ခင်းဧည့်ခံခဲ့ခြင်းဖြစ်သည်။

 

ဦးနေဝင်းသည် ၁၉၆၂ ခုနှစ်မှစကာ ၁၉၈၈ ဒီမိုကရေစီဆန္ဒပြပွဲများ ဖြစ်ပွားလာချိန် ရာထူးက နှုတ်ထွက်သည့် အချိန်ထိ နိုင်ငံအား အုပ်စိုးသွားခဲ့ခြင်းဖြစ်သည်။ ၈၈ အရေးအခင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ၏ စံပြပုဂ္ဂိုလ်အဖြစ် ထွက်ပေါ်လာခဲ့သည်။

 

ဦးနေဝင်းလက်ထက်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့မှ အထီးကျန်ဖြစ်ခဲ့ပြီး နိုင်ငံစီးပွားရေး ယိုယွင်းသွားခဲ့သော်လည်း အာဏာရှင် ဦးနေဝင်းတွင် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ လေးဘီလီယံ စုဆောင်းရယူသွားနိုင်ခဲ့သည်။

 

ဦးနေဝင်း ဆင်းသွားချိန်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဆယ်နိုင်ငံတွင် တစ်နိုင်ငံအဖြစ် ကျန်ရစ်ခဲ့သည်။

 

ဦးအေးနေဝင်း ရေးသားမှုအပေါ် တုံ့ပြန်ကာ ကွန်မန့်များလည်း ရေးသားခဲ့ကြသည်။ “အဆင့်အတန်းနိမ့်တယ်ဆိုတာ မိသားစုတစ်ခုက တစ်နိုင်ငံလုံးရဲ့ စီးပွားရေးကို ချွတ်ခြုံကျသွားစေခဲ့ချိန်ပါပဲ။”ဟု May Thu Khine ဆိုသူက ရေးသားသည်။

 

“အထီးကျန် အကျင့်ပျက်ခြစားမှုတွေနဲ့ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ချိန်ကြောင့် Lipton လက်ဖက်ရည်ပဲ ကျွန်တော်တို့ တတ်နိုင်တော့မှာပေါ့။”ဟု Nay Ye Aung ဆိုသူက ရေးသားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly