တရုတ်-မြန်မာဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးက နှစ်နိုင်ငံ ပူးပေါင်းဖလှယ်ရေးအတွက် အကျိုးဖြစ်ထွန်းမည်ဟု တရုတ်မျှော်လင့်

တရုတ်-မြန်မာဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးက နှစ်နိုင်ငံ ပူးပေါင်းဖလှယ်ရေးအတွက် အကျိုးဖြစ်ထွန်းမည်ဟု တရုတ်မျှော်လင့်

ရန်ကုန်၊ ဇွန် ၉ ။  ။ တရုတ်-မြန်မာဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသည် မြန်မာနိုင်ငံတည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံပူးပေါင်းဖလှယ်ရေးတို့အတွက် ပိုမိုအကျိုးဖြစ်ထွန်းလာနိုင်ရန် မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးမစ္စတာ Hong Liangက ဇွန် ၉ရက်က ကျင်းပသော တရုတ်-မြန်မာချစ်ကြည်ရေးနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။

လက်ရှိတွင် တရုတ်နိုင်ငံအနေဖြင့် ဘက်ပေါင်းစုံမှ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်လျက်ရှိပြီး မြန်မာနိုင်ငံလည်း နိုင်ငံအသွင်ကူးပြောင်းရေးအတွက် ကြိုးပမ်းလျက်ရှိသဖြင့် နှစ်နိုင်ငံဆက်ဆံရေးမှာ အခွင့်အလမ်းသစ်များ နှင့် စိန်ခေါ်မှုများစွာကြုံတွေ့နေရသည်ဟု သံအမတ်က ပြောသည်။

“ ၆၆ နှစ်တာကာလအတွင်း နိုင်ငံတကာအခြေအနေနဲ့ တရုတ်-မြန်မာနိုင်ငံတွင်းမှာ မည်သို့အပြောင်းအလဲတွေ ဖြစ်နေပါစေ တရုတ်-မြန်မာဆက်ဆံရေးဟာ တောက်လျှောက်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိပါတယ်။ ဒါဟာကျွန်တော်တို့ နှစ်နိုင်ငံအစိုးရက ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်ကိုအမြဲတမ်းလက်ကိုင်ထားခြင်းနှင့် နှစ်နိုင်ငံပြည်သူလူထုအကြားရှိနက်ရှိုင်းလှတဲ့ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးတို့ကြောင့်ပဲ ဖြစ်ပါတယ်” ဟု တရုတ်သံအမတ်ကြီးမစ္စတာ Hong Liangက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပိုပြီး အပြုသဘောဆောင်သည့်အနေဖြင့် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံပါတီအစုအဖွဲ့များ၊ တိုင်းရင်းသားလူမျိုးစုများနှင့် အပြန်အလှန် ဆက်ဆံမှုတိုးမြှင့်ကာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဆက်လက်တည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းသွားမည်ဟုလည်း ၎င်းက ဆိုသည်။

ထို့အပြင်  မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော ကုန်သွယ်ဖက်နိုင်ငံနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု နိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံပိုမိုကောင်းမွန်ပြီး ပိုမိုလျင်မြန်စွာဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက်လည်း ကူညီရန် စိတ်အားထက်သန်နေသည်ဟု ၎င်းက ဆိုသည်။

“တရုတ်အနေနဲ့မြန်မာနိုင်ငံတွင်တရုတ်-မြန်မာချစ်ကြည်ရေးကျောင်း ကွန်ယက် တည်ထောင်နေပြီး တရုတ်-မြန်မာချစ်ကြည်ရေးပညာသင်ဆုထားရှိကာ မြန်မာနိုင်ငံ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီသွားမည်ဖြစ်ပါတယ်” ဟု မစ္စတာ Liangက ဆက်ပြောသည်။

“တရုတ်-မြန်မာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး Foundation”ကိုလည်း တည်ထောင်မည်ဖြစ်ပြီး အဆိုပါဖောင်ဒေးရှင်းမှတစ်ဆင့် နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ကောင်းမွန်သော အခန်းကဏ္ဍတစ်ခု ရလာရန် တရုတ်က မျှော်လင့်ထားသည်။

၆၆နှစ်မြောက် တရုတ်-မြန်မာသံတမန်ဆက်ဆံရေးနေ့ကို မြန်မာနိုင်ငံရောက် တရုတ်နွယ်ဖွားများအဖွဲ့ နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့က ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အမှတ်(၃)စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောတို့လည်း တက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly