အလျင်အမြန်အထိုင်ကျပြီး ဆုဖလားများ ရယူနိုင်မည်ဟု ယုံကြည်ကြောင်း မန်ယူကစားသမားသစ် အဲရစ်ဘေလီ ပြော

အလျင်အမြန်အထိုင်ကျပြီး ဆုဖလားများ ရယူနိုင်မည်ဟု ယုံကြည်ကြောင်း မန်ယူကစားသမားသစ် အဲရစ်ဘေလီ ပြော

ဇွန် ၉၊ မန်ချက်စတာ ။               ။ မန်ယူအသင်း၏ နောက်ခံကစားသမားသစ် အဲရစ်ဘေလီက အသင်းတွင် အလျင်အမြန်အထိုင်ကျကြီး ဆုဖလားများ ရယူနိုင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုလိုက်သည်။

အသက် ၂၂ နှစ်အရွယ်သာရှိသေးသည့် အိုင်ဗရီကို့စ်လက်ရွေးစင် အဲရစ်ဘေလီကို မန်ယူအသင်းက ပြောင်းရွှေ့ကြေးပေါင်သန်း ၃၀ ဖြင့် လေးနှစ်စာချုပ် ချုပ်ဆိုကာ ခေါ်ယူခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းနှင့် စာချုပ် ချုပ်ဆိုပြီးနောက်တွင် ဘေလီက ‘ကမ္ဘာပေါ်က အကြီးကျယ်ဆုံးကလပ်အသင်းတစ်သင်းကို ပြောင်းရွှေ့ခွင့်ရလို့ တကယ်ကို ပျော်နေပါတယ်။ အိပ်မက်တွေအမှန်တကယ်ဖြစ်လာတာပါပဲ၊ အင်္ဂလန်မှာ ဘောလုံးကစားဖို့ အမြဲအိပ်မက်ခဲ့တာပါ။ မန်ယူအသင်းက ကမ်းလှမ်းလာတဲ့အချိန်မှာ ကျွန်တော် နှစ်ခါမစဉ်းစားခဲ့ရပါဘူး။

နည်းပြအဖွဲ့တွေ၊ အသင်းဖော်တွေရဲ့ အကူအညီနဲ့ မြန်မြန်အထိုင်ကျလိုပါတယ်။ ကျွန်တော်က အလျင်အမြန်တိုးတက်လာပေမယ့် ငယ်ရွယ်တဲ့လူငယ်တစ်ဦးအဖြစ်သာ ရှိနေပါသေးတယ်။ အခုထက်ပိုပြီး တိုးတက်လာဖို့ လိုပါသေးတယ်။ မန်ယူမှာ ပိုပြီး တိုးတက်လာမယ်လို့ မျှော်လင့်ထားပါတယ်။ အလုပ်ကို ပြင်းပြင်းထန်ထန်ကြိုးစားပြီး ကစားသမားတစ်ဦးအနေနဲ့ တိုးတက်လာဖို့မျှော်လင့်ထားသလို ဆုဖလားတွေ ရရှိဖို့လည်း မျှော်လင့်ထားပါတယ်’ ဟု ပြောဆိုခဲ့သည်။

မန်ယူနည်းပြသစ်မော်ရင်ဟို၏ ပထမဆုံးခေါ်ယူမှုဖြစ်လာခဲ့ခြင်းက လူငယ်ကစားသမားတစ်ဦးအတွက် ယုံကြည်မှု ပိုမိုရရှိလာစေသလို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြသည့် မန်ယူပရိသတ်များအတွက် ကွင်းအတွင်းမှာ အကောင်းဆုံးကစားပြီး ဆုဖလားများဖြင့် ပြန်လည်ပေးဆပ်သွားမည်ဟု ဘေလီက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly