အိန္ဒိယ-မြန်မာနယ်စပ်တွင် အိန္ဒိယဖက်က လုံခြံုရေး တိုးမြှင့်ချထား

အိန္ဒိယ-မြန်မာနယ်စပ်တွင် အိန္ဒိယဖက်က လုံခြံုရေး တိုးမြှင့်ချထား

အိန္ဒိယ စစ်တပ် Assam Rifles စစ်သားများ မကြာသေးမီက ခြုံခိုတိုက်ခိုက်ခံရခြင်းကြောင့် အိန္ဒိယနိုင်ငံအနေဖြင့် လုံခြုံရေးတပ်လှန့်ထားရကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပူးတွဲအတွင်းရေးမှူး အရှေ့မြောက်ပိုင်းတာဝန်ခံ ဆက်ယန်ဒရာဂျာ့က ပြောသည်။

"နယ်စပ်စည်းရုံး ခတ်ရသေးခြင်းမရှိတဲ့ မြန်မာနယ်စပ်တွေမှာ ကျွန်တော်တို့ဖက်က လုံခြုံရေးတိုးမြှင့်ချထားပါတယ်။ ခွဲထွက်ရေးသူပုန်တွေက လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပြီး အိန္ဒိယစစ်သားတွေကို ဝင်တိုက်လိုက် ရှောင်ပြေးလိုက်နဲ့ လုပ်နိုင်နေတာကြောင့်ပဲဖြစ်တယ်။"ဟု အရှေ့မြောက်ပိုင်း ထရီပူရပြည်နယ်သို့ မကြာသေးမီက ခရီးစဉ်အတွင်း ဂျာ့က မဇ္ဈိမသတင်းဌာနသို့ ပြောသည်။

"အိန္ဒိယမှာ ပြည်နယ်ခုနစ်ခုက တစ်ခြားနိုင်ငံနဲ့ ထိစပ်တဲ့ နယ်စပ်ရှိနေတာမှာ မြန်မာနဲ့ နယ်စပ်က ပိုပြီး အန္တရာယ်သတိထားရမယ့် နယ်စပ်ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အတောအတွင်းမှာ မဏိပူပြည်နယ်မှာ ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုတွေကို ခံခဲ့ရတယ်။ ဒါကြောင့် အစိုးရအနေနဲ့က မြန်မာနယ်စပ်မှာ လုံခြုံရေးတိုးမြှင့်ဖို့ကို စီစဉ်လုပ်ဆောင်နေရခြင်းပဲဖြစ်တယ်။"ဟု ၎င်းက မဇ္ဈိမသို့ ပြောသည်။

ထိုပြင် နာဂဒေသမှ လက်နက်ကိုင်သူပုန်များ၏ ကျက်စားခိုလှုံရာဖြစ်နေသည့် အရန်နာချယ်ပရာဒေ့ရှ်ပြည်နယ်ဒေသအရေးအတွက် စိုးရိမ်ပူပန်စရာဖြစ်ကြောင်း ၎င်းက ဆိုသည်။

"အရန်နာချယ်ဒေသက နာဂဖက်က သောင်းကျန်းသူအုပ်စုများရဲ့ ဒဏ်ကို ခံနေရတယ်။ နာဂဒေသနဲ့ အနီးလေးမှာ ရှိလို့ တကယ့်ကို ဆိုးတဲ့ အခြေအနေမျိုးမှာ ရှိတာပါ။ သောင်းကျန်းသူတွေ အဝင်အထွက် လုပ် ကျက်စားရာဖြစ်နေတာကို ကျွန်တော်တို့ ဖြေရှင်းနေရပါတယ်။"ဟု ဂျာ့က ပြောသည်။

နယ်စပ်ဖြတ်ကျော်ကာ လက်နက်၊ ခဲယမ်းမီးကျောက်များနှင့် စစ်သွေးကြွများ၏ လှုပ်ရှားမှုများကို မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် အိန္ဒိယအစိုးရက ထိတွေ့ဖြေရှင်းလျက်ရှိပါကြောင်းလည်း ၎င်းကပြောသည်။

"မဟာဗျူဟာအကျိုးစီးပွားတွေဖြစ်ကြတဲ့ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ တရုတ်၊ ဘူတန်တို့နဲ့ နယ်စပ်ရေးရာကိစ္စရပ်တွေအပေါ် အိန္ဒိယအစိုးရက ပူးပေါင်းဆောင်ရွက်နေပါတယ်။"ဟု ဂျာ့က ပြောသည်။

ဒေသတွင်း ရေရှည်ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရေးအလို့ငှာ ဒေသနယ်မြေများရှိ အမျိုးမျိုးသောသောင်းကျန်းသူအုပ်စုများနှင့် သဟဇာတမျှတရေးအတွက် အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ပင်ဖြစ်ကြောင်း ၎င်းက ပြောသည်။

"အစိုးရက နာဂသောင်းကျန်းသူအုပ်စု NSCN၊ Kuki အုပ်စုတို့နဲ့ ဆွေးနွေးမှုတွေ လုပ်နေသလို Meitei Manipuri သူပုန်အုပ်စုအပေါ် ထိုးစစ်ဆင်နေမှုကိုလည်း ရပ်ဆိုင်းထားတယ်။ မဏိပူက အခြေအနေအရပ်ရပ်အပေါ် ပြန်လည်သုံးသပ်ဖြေရှင်းလျက်ရှိပြီး ကောင်းမွန်တိုးတက်တဲ့ ရလဒ်တွေ ဖော်ဆောင်လာနိုင်မယ်လို့လည်း မျှော်လင့်ရပါတယ်။"ဟု ဂျာ့က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly