၆လ ထက်ကျော်လွန် နေထိုင်သူရွှေ့ ပြောင်းအလုပ်သမားများကို အိမ်ထောင်စုစာရင်းထုတ်ပေးလျက်ရှိ

၆လ ထက်ကျော်လွန် နေထိုင်သူရွှေ့ ပြောင်းအလုပ်သမားများကို အိမ်ထောင်စုစာရင်းထုတ်ပေးလျက်ရှိ
မြိတ်မြို့ ၊မြိတ်တောင်ကျေးရွာအုပ်စုတွင် ရွှေ့ပြောင်းအလုပ်သမားများ အိမ်ထောင်စုစာရင်းပြုလုပ်နေစဉ်။ ဓာတ်ပုံ-ဇော်နီ

မြိတ်၊ ဇွန် ၈ ။             ။ ၆ လ အထက်ကျော်လွန်နေထိုင်သူ ရွှေ့ပြောင်းအလုပ်သမားဖြစ်မှသာ ပုံစံ ၆၆/၆ အိမ်ထောင်စုစာရင်း ထုတ် ပေးလျက်ရှိကြောင်း မြိတ်မြို့နယ် လ.ဝ.က ဦးစီးမှူး ဦးခင်လတ်က ဇွန်လ ၈ ရက်နေ့တွင် မီဒီယာများသို့ ပြော သည်။

"ရွှေ့ပြောင်း အလုပ်သမားတွေကို ၆ လ ထက်ကျော်ပြီးနေထိုင်သူဖြစ်မှ အိမ်ထောင်စု စာရင်းထုတ် ပေးတယ်။ ဒီလူတွေကို အမှန်တကယ် နေထိုင်ခဲ့တာ ဟုတ်မဟုတ် နောက်ကြောင်းပြန် စစ်ဆေးမှုတွေလည်း လုပ်နေပါ တယ်"ဟု ၎င်းက ပြောသည်။

ထို့အပြင် ရွှေ့ပြောင်းအလုပ်သမား အရေအတွက်နည်းသည့် နေရာဖြစ်ပါက မြို့နယ်ရုံးသို့ လာရောက်လုပ်ခိုင်း ထားသည်ဟုလည်း ဦးစီးမှူးက ဆိုသည်။

လက်ရှိတွင် မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၌ အဆိုပါ အိမ်ထောင်စုစာရင်းပြုလုပ်သူ ရွှေ့ပြောင်းအလုပ်သမား ၄၀၀ ခန့်ထိရှိနေပြီး စာရင်းအရ မြိတ်တောင်အုပ်စုတွင်   ရွှေ့ပြောင်းအလုပ်သမားအများဆုံး   နေထိုင်သည်ဟု သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာ ရက်တစ်ရာ သစ္စာစီမံချက်အနေဖြင့် ပြုလုပ်နေခြင်းဖြစ်ပြီး မြိတ်မြို့နယ်အနေဖြင့် ဇွန် ၈ ရက်အထိ အိမ်ထောင်စု ၁၀၀၆ စု ၊ လူဦးရေ ၃၃၃၀ ၊ ကျား (၁၇၄၂)၊မ (၁၅၈၈) ဦးစာရင်းပြု လုပ်ပြီးဖြစ် ကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၏ စာရင်းအရ သိရသည်။

အိမ်ထောင်စုစာရင်းပြုလုပ်မှုကို ဂျူလိုင် အကုန်အထိပြုလုပ်မည်ဖြစ်ကာ နော်ဝေနိုင်ငံဒုက္ခသည် ကူညီမှုဆိုင် ရာကောင်စီအဖွဲ့ (NRC)မှ ပံ့ပိုးကူညီလျက် ရှိကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required