ဂန္ထဝင်ကစားသမား တော့တီကို ရိုးမားအသင်း စာချုပ်သက်တမ်းတိုး

ဂန္ထဝင်ကစားသမား တော့တီကို ရိုးမားအသင်း စာချုပ်သက်တမ်းတိုး

ဇွန် ၈၊ အီတလီ ။               ။ ရိုးမားအသင်းသည် အသင်း၏ ဂန္ထဝင်ကစားသမားကြီး ဖရန်ဆက်စကို တော့တီကို တစ်နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်သည့် တော့တီအတွက် ယခုစာချုပ်မှာ နောက်ဆုံးစာချုပ်ဖြစ်ဖွယ်ရှိပြီး အသက် ၄၀ အရွယ်တွင် ကစားသမားဘဝမှ အနားယူတော့မည် ဖြစ်သည်။ တော့တီအနေဖြင့် ကစားသမားဘဝမှ အနားယူခဲ့လျှင်လည်း ရိုးမားအသင်း၏ အုပ်ချုပ်ရေးအဖွဲ့၌ ဆက်လက်ပါဝင်ရန် ယခုလက်မှတ်ရေးထိုးပွဲတွင် သဘောတူညီခဲ့ကြသည်။ တော့တီမှာ သူ၏ ကစားသမားဘ၀ တစ်လျှောက်လုံး ရိုးမားအသင်းတစ်သင်းတည်းတွင်သာ ကစားခဲ့သူ ဖြစ်သည်။

တော့တီသည် ရိုးမားအသင်း၏ လူငယ်အကယ်ဒမီမှ ပေါ်ထွက်လာခဲ့သူ ဖြစ်ပြီး ၁၉၉၄ ခုနှစ်က အသင်းကြီးတွင် စတင်ပွဲထွက်ခွင့် ရရှိခဲ့သည်။ ထို့နောက် ၁၉၉၈ ခုနှစ်တွင် အသင်းခေါင်းဆောင်ဖြစ်လာခဲ့ပြီး  ယခု ၂၀၁၆ ခုနှစ်အထိ ရောမမြို့ခံအသင်းကြီး၌ သစ္စာရှိစွာ ဆက်လက်ကစားနေသူဖြစ်သည်။

တော့တီသည် ရိုးမားအသင်းအတွက် ပွဲပေါင်း ၇၅၈ ပွဲ ကစားပေးထားပြီး ၃၀၄ ဂိုးသွင်းယူထားကာ ဂိုး ၁၉၀ ဖန်တီးပေးထားသည်။

ရိုးမားအသင်းနှင့်အတူ စီးရီးအေဖလားတစ်ကြိမ်၊ ကိုပါအီတာလီယာဖလားနှစ်ကြိမ်သာ ရခဲ့ပြီး အီတလီအသင်းနှင့်အတူ ၂၀၀၆ ခုနှစ်၌ ကမ္ဘာ့ဖလားကြီးကို ရရှိခဲ့သူ ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly