ဘောလုံးလောကတွင် ဗိုလ်လုပွဲ၌ ရှုံးနိမ့်ရခြင်းသည် နာကျင်စရာအကောင်းဆုံးဟု မက်ဆီ ဖွင့်ဟ

ဘောလုံးလောကတွင် ဗိုလ်လုပွဲ၌ ရှုံးနိမ့်ရခြင်းသည် နာကျင်စရာအကောင်းဆုံးဟု မက်ဆီ ဖွင့်ဟ

အာဂျင်တီးနား၊ ဇူလိုင် ၇။ ။ ကိုပါအမေရိကဖလား ဗိုလ်လုပွဲစဉ်တွင် ချီလီအသင်းကို ရှုံးနိမ့်ခဲ့ရပြီးနောက် အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက ထောက်ခံအားပေးခဲ့ကြသည့် ပရိသတ်များကို ကျေးဇူးတင်ကြောင်းနှင့် ဘောလုံးလောကတွင် ဗိုလ်လုပွဲ၌ ရှုံးနိမ့်ရခြင်းသည် နာကျင်စရာအကောင်းဆုံး ဖြစ်ကြောင်း ဖွင့်ဟ ခဲ့သည်။

မက်ဆီသည် ဘာစီလိုနာအသင်းနှင့်အတူ အောင်မြင်မှုများစွာ ရရှိခဲ့သော်လည်း အာဂျင်တီးနားလက်ရွေးစင်အသင်းနှင့် အောင်မြင်မှုရရန် ရုန်းကန်ခဲ့ရသည်။ ပြီးခဲ့သည့် ၂၀၁၄ ကမ္ဘာ့ဖလားတွင် ဂျာမနီအသင်းကို ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့ရသလို ယခုတစ်ကြိမ်တွင်လည်း ချီလီအသင်းကို ကိုပါအမေရိက ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့ရသည်။

'ဘောလုံးလောကမှာ ဗိုလ်လုပွဲမှာ ရှုံးနိမ့်ရတာထက် ပိုပြီး နာကျင်စရာကောင်းတာ မရှိပါဘူး။ ကျွန်တော်တို့ကို အခက်အခဲတွေကြုံတွေ့နေရချိန်မှာတောင် အစဉ်တစိုက် အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်' ဟု မက်ဆီက facebook တွင် ရေးသားခဲ့သည်။

ကိုပါအမေရိကဗိုလ်လုပွဲစဉ်တွင် မက်ဆီ၏ မိသားစုကို ချီလီပရိသတ်အချို့က ပွဲကြည့်စင်တွင် တိုက်ခိုက်ခဲ့သည့်အတွက် မက်ဆီနှင့်အသင်းဖော်များက ဝေဖန်ခဲ့သည်။
မက်ဆီသည် ကိုပါအမေရိကဖလားပြိုင်ပွဲ အကောင်းဆုံးဘောလုံးသမားအဖြစ် ဆုပေးခဲ့သော်လည်း ငြင်းပယ်ခဲ့သည်ဟု စပိန်သတင်းစာအချို့က ဖော်ပြလျက်ရှိသည်။

မက်ဆီသည် ကိုပါအမေရိကဖလားပြိုင်ပွဲတွင် ခြေစွမ်းပြကစားနိုင်ခဲ့သော်လည်း ပါရာဂွေးနှင့်ပွဲစဉ်တွင်သာ ပင်နယ်တီတစ်ဂိုးသွင်းနိုင်ခဲ့ပြီး ပွဲချိန်အတွင်း ဂိုးသွင်းနိုင်ခြင်း မရှိခဲ့ပေ။ ကိုလံဘီယာ၊ ချီလီတို့နှင့် ပွဲစဉ်များတွင် အဆုံးအဖြတ်ပင်နယ်တီ နှစ်ဂိုးသွင်းယူခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly