လူငယ် Blogger ဘဝကနေ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာတဲ့ ကိုနေဘုန်းလတ်ရဲ့ ပြည်သူတွေအတွက် ဦးစားပေးအစီအစဉ်တွေက ဘာတွေလဲ

လူငယ် Blogger ဘဝကနေ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာတဲ့ ကိုနေဘုန်းလတ်ရဲ့ ပြည်သူတွေအတွက် ဦးစားပေးအစီအစဉ်တွေက ဘာတွေလဲ
Photo -EPA

ဒီကနေ့ တွေ့ဆုံမေးမြန်းသွားမယ့်သူကတော့ ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့ရဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ကိုနေဘုန်းလတ်ဖြစ်ပါတယ်။ ကိုနေဘုန်းလတ်ကို ရက် ၁၀၀ နဲ့ ရက် ၁၀၀ အလွန် မဲဆန္ဒရှင် ပြည်သူတွေအတွက် လုပ်ဆောင်နေတဲ့ ကိစ္စရပ်တွေ၊ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ ၎င်းရဲ့ မဲဆန္ဒနယ်မှာ လုပ်ဆောင်နေတဲ့ ကိစ္စရပ်တွေကို မဇ္ဈိမတာဝန်ခံအယ်ဒီတာ ဦးမျိုးသန့်က တွေ့ဆုံမေးမြန်းထားသည်။

မဇ္ဈိမ ။ ။ ကျွန်တော်တို့ ဒီ သင်္ကန်းကျွန်းမြို့နယ်အတွက် ရက် ၁၀၀ စီမံကိန်းလိုမျိုး ဘာတွေများ ပြင်ဆင်ထားသလဲ။ ဗဟိုအစိုးရ လုပ်သလိုမျိုး။

ကိုနေဘုန်းလတ်။  ။ ဗဟိုအစိုးရကတော့ ရက် ၁၀၀ စီမံကိန်းဆိုပြီးပြောတာပဲ။ ကျွန်တော်က ရက် ၁၀၀ စီမံကိန်းဆိုတာထက် ကျွန်တော် ဒီ လွှတ်တော်ကိုယ်စားလှယ်အဖြစ် စတင် တာဝန်ထမ်းဆောင်တဲ့ အချိန်မှာ စပြီး စဉ်းစားမိတာက ကျောင်းဖွင့်တော့မယ်ဆိုတဲ့ အချိန်ရှိတယ် မိုးတွင်း မိုးကျတော့မယ်ဆိုတဲ့ အချိန်ရှိတယ်ပေါ့နော်။ ကျွန်တော် အဲ့ဒါကြောင့် အဲ့နှစ်ခုကို အဓိကထား အာရုံစိုက်လိုက်တယ်။ အဲ့တော့ ရက် ၁၀၀ ဆိုတာမျိုး မဟုတ်ဘဲနဲ့ နှစ်လလောက်ပဲ ကျန်တော့တာပေါ့နော် ဒီ မိုးကျဖို့ ကျောင်းဖွင့်ဖို့ အဲ့လို အခြေအနေမျိုး ကျွန်တော်အာရုံစိုက်လိုက်တာ အဲ့ဒါကို စိုက်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့ ကျွန်တော် ဘာတွေလုပ်လဲဆိုတော့ ကျွန်တော် ကျောင်းတွေကို လိုက်ကြည့်တယ်။ အထူးသဖြင့် ကျောင်းတွေမှာတောင်မှ ကျွန်တော် မူလတန်းကျောင်းတွေကို ကျွန်တော် စကြည့်တယ်။ ပြီးတဲ့အခါမှာ မူလတန်းကျောင်းတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ကျွန်တော်ပြင်တယ်။ ပြီးတဲ့အခါမှာ ရေစီးရေလာကောင်းဖို့ မိုးတွင်း ရေမကြီးရေးဆိုတဲ့ဟာမျိုးတွေ ကျွန်တော် လိုက်ပြီး ကြည့်တယ်။ ရေစီးရေလာကောင်းမွန်ဖို့အတွက် မေးခွန်းတွေ ကျွန်တော်ပြင်ဆင်တယ်။ နောက်တစ်ခုက ဒီ မိုးတွင်းဆို သိတဲ့အတိုင်းပဲ ဓာတ်လိုက်တယ်။ နောက် လျှပ်စစ်မီးပြဿနာတွေ ဖြစ်တယ်။ နောက် သစ်ကိုင်းနဲ့ ဓာတ်ကြိုး မလွတ်တာတွေ ဖြစ်တယ်။ ဒါတွေလည်း ကျွန်တော် လိုက်ကြည့်တယ်။ အဲ့တော့ ကျွန်တော့်မှာ ရက် ၁၀၀ စီမံကိန်းရယ်လို့ ကျွန်တော် မစဉ်းစားပေမယ့် ကျွန်တော်က မိုးမကျခင် မိုးတွင်းမှာဖြစ်မယ့် အနေအထားတွေ ကောင်းမွန်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ ကိစ္စကို အဲ့ဒါကိုပဲ ကျွန်တော် အာရုံးစိုက်ပြီး ကျွန်တေ်ာ လုပ်ချင်တယ်။

မဇ္ဈိမ ။ ။ နောက်တစ်ခုက သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ မဲဆန္ဒရှင် လူမှုဘဝတွေ တိုးတက်မြင့်မားဖို့ ဒါမှမဟုတ်ရင် ကျွန်တော် လေ့လာမိသလောက်ကတော့ ကျွန်တော်တို့ ဒီ သင်္ကန်းကျွန်းမြို့နယ်ဟာ အခြေခံလူတန်းစား များတယ်ပေါ့နော်။ သူတို့ရဲ့ဘဝတွေ တိုးတက်မြင့်မားဖို့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ စီမံဖို့ပဲဖြစ်ဖြစ် တိုက်တွန်းဖို့ပဲဖြစ်ဖြစ် အဆိုပြုဖို့ပဲဖြစ်ဖြစ် ဘာတွေများ ပြင်ဆင်ထားတာရှိလဲ။

ကိုနေဘုန်းလတ် ။  ။ အခု ကျွန်တော် လွှတ်တော်ထဲမှာဆိုရင် အဆိုတစ်ခု တင်ထားတာရှိတယ်။ အဲ့ဒီ အဆိုတစ်ခုကလည်း ကျွန်တော် လူထုကြားထဲကို ဆင်းတဲ့အခါမှာ တွေ့ရတဲ့ တွေ့ရှိချက်တွေအပေါ်မှာ မူတည်ပြီးတော့ ဖြစ်လာတဲ့ အဆိုပေါ့နော်။ အဲ့ဒီအဆိုက ဘာလဲဆိုရင် ပြည်သူပိုင်နေရာများ ပြည်သူလူထုမှ အမှန်တကယ် ပိုင်ဆိုင်ရေး ကျွန်တော် ဒေသထဲ ဆင်းကြည့်တဲ့အခါမှာ အားကစားကွင်းတွေတွေ့တယ်။ ပန်းခြံတွေရှိမယ်။ အဲ့ဒီနေရာတွေက ကျွန်တော်တို့ သိမ်းပိုက်ခံလိုက်ရတယ်။ အဲ့တော့ ဘယ်သူက သိမ်းပိုက်လဲဆိုတော့ ဘယ်သူမှမဟုတ်ဘူး။ အစိုးရကပဲ ပြန်သိမ်းပိုက်ထားတာ။ အစိုးရဌာနတွေက အားကစားကွင်းတွေဆိုလည်း အကွက်ချ ရောင်းချလိုက်တယ်။ ပန်းခြံတွေဆိုရင်လည်း အကွက်ချ ရောင်းချက်လိုက်တယ်။ လူထုအတွက် တကယ်လိုအပ်တဲ့ မြို့ပြအင်္ဂါရပ်တွေပေါ့ ဒီလိုဟာမျိုးတွေကို အကွက်ချပြီး ရောင်းချလိုက်တာတွေ အများကြီးဖြစ်တော့ အဆိုတစ်ခုအနေနဲ့ ကျွန်တော် တင်ခဲ့ပါတယ်။ ဒါကလည်း သင်္ကန်းကျွန်းမြို့နယ်အတွက် အလွန်ပဲ အရေးကြီးပါတယ်။ နောက်တစ်ခု သင်္ကန်းကျွန်းမှာ အဓိကဖြစ်နေတဲ့ ပြဿနာက ကန်ထရိုက်တိုက် ပြဿနာပေါ့။ အဲ့ဒီကိစ္စကတော့ ကျွန်တော်တို့ ကန်ထရိုက်တွေက ဒါကလည်း စည်ပင်ဥပဒေရဲ့ အားနည်းချက်လို့ ကျွန်တော်တို့ ပြောလို့ရတယ်ပေါ့နော်။ ကန်ထရိုက်တွေက ဆောက်တယ်။ ခွင့်ပြုချက်မရှိဘဲ ဆောက်တယ်။ အဲ့တော့ ဒဏ်ကြေးတွေက အများကြီးဖြစ်နေတယ်။ ဒဏ်ကြေးမဆောင်နိုင်တော့ ထွက်ပြေးတယ်။ တကယ်ပြဿနာတက်နေတာက ဘယ်သူတွေဖြစ်နေလဲဆိုရင် ပြည်သူတွေဖြစ်နေတယ်။ တိုက်ကြီးတွေ အများကြီးဆောက်ထားပြီးတော့ အဲ့ဒီတိုက်တွေမှာ နေလို့လည်းမရဘူး။ နေထိုင်ခွင့်လည်း မကျဆိုတဲ့ ပုံစံမျိုးတွေ ကျွန်တော်တို့ သင်္ကန်းကျွန်းက အဲ့ကိစ္စနဲ့ပတ်သက်ရင် နာမည်ကြီးတယ်ဗျ။ ကျွန်တေ်ာတို့ သင်္ကန်းကျွန်းမှာ တရားစွဲခံထားရတဲ့ ကန်ထရိုက်ပေါင်း ၇၅၃ လုံး ရှိတယ်ဆိုလား ကျွန်တော် သိရတယ်။ ဒီကိစ္စတွေဆိုလည်း ဖြေရှင်းပေးဖို့ အရေးကြီး လိုအပ်တယ်။ ဒါတွေဖြေရှင်းပေးနိုင်မှ ပြည်သူတွေရဲ့ဘဝက အေးအေးဆေးဆေးနဲ့ ဘဝကို ဖြတ်သန်းနိုင်မှာပါ။ အခုဟာက တဲပေါ်ကနေ တိုက်ပေါ်နေချင်လို့ ကန်ထရိုက်ကို အပ်လိုက်ပါမှ တရားစွဲခံရတဲ့ အဖြစ်မျိုးတွေ ကျွန်တော်တို့ ကြုံနေရပါတယ်။

မဇ္ဈိမ ။  ။ ပြီးခဲ့တဲ့ လွှတ်တော်တုန်းက NLD ကိုယ်စားလှယ် မဟုတ်ဘူးပေါ့နော်။ အခုတော့ ကိုယ်စားလှယ်ဖြစ်သွားပြီး။ သင်္ကန်းကျွန်းမြို့နယ်ရဲ့ ကိုယ်စားလှယ် ဖြစ်သွားပြီဆိုတော့ ပြီးခဲ့တဲ့ လွှွတ်တော်ကိုယ်စားလှယ်ရဲ့ လုပ်ဆောင်ချက်နဲ့ အခု လက်ရှိ ကိုယ်စားလှယ်ရဲ့ လုပ်ဆောင်ချက် ဘာများကွားခြားမလဲ။ ဒီ သင်္ကန်ကျွန်း မြို့နယ်အတွက်။

ကိုနေဘုန်းလတ်။  ။ ဘာကွာခြားလဲဆိုတော့ အဲ့ဒါက ကျွန်တော်ပြောတာထက် ပြည်သူလူထုကိုပဲ စောင့်ကြည့်စေချင်တယ်။ ပြီးခဲ့တဲ့ကာလမှာ ကျွန်တော်တို့ သင်္ကန်းကျွန်းမှာဆိုရင်တော့ ဒါ USDP လည်း မဟုတ်ဘူး။ အခြားပါတီကတစ်ခုက ပြည်သူ့လွှတ်တော်ကော နိုင်ခဲ့ပါတယ်။ နိုင်တဲ့အခါမှာ လုပ်ခဲ့ပါတယ်။ စွမ်းစွမ်းတမံ လုပ်ခဲ့တာတွေလည်း ကျွန်တော်တို့ တွေ့ရပါတယ်။ မေးခွန်းတွေလည်း ကျွန်တော်တို့ ပြန်လေ့လာတဲ့အခါမှာ မေးခွန်းတွေ ပြန်မေးခဲ့တာတွေ တွေ့ရတယ်။ အဲ့တော့ ဘယ်သူတွေ ဘာကွာသွားလဲဆိုတာတော့ ပြည်သူလူထုကိုပဲ ကျွန်တော် စောင့်ကြည့်စေချင်တယ်။   စောင့်ကြည့်တဲ့အခါမှာ ကွာခြားမှုတွေ ကျွန်တော်လည်း ဒါ ကျွန်တော်လည်း ပြိုင်ဘက်ဆိုတာထက် ဒီမှာ အရင်တုန်းက ကိုယ်စားလှယ်တွေ မေးခဲ့တဲ့   မေးခွန်းတွေကို ပြန်ပြီးတော့ ကျွန်တော်တို့ လေ့လာတာတွေရှိတယ်။ အဲ့ဒါတွေ အခုထိ အကောင်အထည် မပေါ်သေးတာတွေလည်း ရှိတယ်။ ဒါတွေကိုတောင်မှ ပြန်ပြီးတော့ အရင်ကိုယ်စားလှယ်ကြီးတွေ   မေးခဲ့တဲ့ မေးခွန်းတွေကိုတောင်မှ ပြန်ပြီး ကိုးကားပြီးတော့ ပြန်ပြီးတော့ မေးရတာတွေလည်း ရှိရင်ရှိမယ်။ ကျွန်တော်ကတော့ အဲ့လိုပဲမြင်ပါတယ်။ ကျွန်တော်ကတော့ ရှေ့မှာလုပ်ခဲ့တဲ့ ကိုယ်စားလှယ်ကြီးတွေကတော့ ကျွန်တော်အတွက်တော့ အဲ့ကိုယ်စားလှယ်တွေ လုပ်ခဲ့တဲ့အလုပ်က အများကြီး အထောက်အကူဖြစ်ပါတယ်။

မဇ္ဈိမ ။ ။ ကိုနေဘုန်းလတ် ကျွန်တော်တို့ ဒီ ငါးနှစ်ပေါ့ အခုဆိုလို့ရှိရင် နှစ်လ သုံးလတော့ ရှိပြီပေါ့ခင်ဗျာ။ နောက် ငါးနှစ်အကြာမှာ သင်္ကန်းကျွန်းမြို့နယ်က ဘယ်လိုပုံစံမျိုး ဖြစ်လာမယ်လို့ မျှော်မှန်းသလဲ။

ကိုနေဘုန်းလတ်။  ။ အခုဆိုရင် ကျွန်တော်တို့ ပြည်သူလူထုဆီကနေ ပြဿနာတွေ အခက်အခဲတွေ ကျွန်တော်တို့ဆီကို အများကြီးလာတယ်။ အဲ့ပြဿနာတွေကို ကျွန်တော်တို့ တက်နိုင်သမျှ ဒါ ဖြေရှင်းပေးနေတယ်။ ကျွန်တော် ရွေးကောက်ပွဲ ကာလတလျှောက်မှာ တောက်လျှောက်ပြောခဲ့တယ်။ ကျွန်တော်တို့ ဒီ ရဲရဲကြီး အာမခံတယ်။ အပြောင်းအလဲက ဖြစ်ကိုဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ဒီ သိပ်မကြာခင် တစ်လ၊ နှစ်လလေး အတွင်းမှာပင် သေချာကြည့်ရင် မြင်နိုင်ပါတယ်။ တချို့ကြီးမားတဲ့ အခက်အခဲကြီးတွေကျတော့ အချိန် ယူရတာ ရှိကောင်းရှိပေမယ့် တချို့ကိစ္စလေးတွေမှာ ပြေလည်အောင် ဖြေရှင်းတာလေးတွေ ကျွန်တော်တို့ လုပ်နေပါတယ်။ လုပ်နေတဲ့အခါမှာ နောက်ငါးနှစ်ကြာရင် ဘယ်လိုမြင်ရမလဲဆိုတော့ အခုတောင် ရန်ကုန်တိုင်းအစိုးရက   နောက်ငါးနှစ်တောင် မဟုတ်ပါဘူး။ နောက်တစ်နှစ်မှာဆို မီးမှန်ရပါမယ်ဆိုတာမျိုး ပြောပါတယ်။ တကယ်တမ်းသာ လုပ်ဖြစ်မယ်ဆိုရင် ကျွန်တောတို့ ရေစီးရေလာကိစ္စတွေ   နောက်ငါးနှစ်မှာ ရေမကြီးတော့ဘူးလို့ ဆိုတာမျိုး နောင်ငါးနှစ်မှာ ဒီလိုမျိုး ဓာတ်လိုက်သေဆုံးတာတွေ မရှိတော့ဘူး ဆိုတာမျိုး ဒါတွေကို ကျွန်တော်ကတော့ ကျွန်တော် ရဲရဲကြီး အာမခံရဲတယ်။ ကျွန်တော်တို့ဒီ ချောချောမွေ့မွေ့ပေါ့ ကြားထဲမှာ သိပ်ပြီးတော့ ဆိုးဝါးတဲ့ ဖျက်လိုဖျက်ဆီး ကိစ္စတွေ မဖြစ်ဘဲနဲ့ ဒီ Flow လေးအတိုင်း ချောချောမွေ့မွေ့နဲ့ ဆက်သွားမယ်ဆိုရင်တော့ ကျွန်တော်တို့ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေက ငါးနှစ်တောင် ကြာမှာမဟုတ်ပါဘူး။ တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ တဖြေးဖြေးနဲ့ မြင်သာလာမယ်လို့ အဲ့လိုပဲ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။

မဇ္ဈိမ ။  ။ ဒါကတော့ ဖွံ့ဖြိုးတိုးတက်မှုအပိုင်းပေါ့လေ။ နောက်တစ်ခုက လူမှုဘဝတွေ တိုးတက်မြင့်မားဖို့ ဒါမှမဟုတ် အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိဖို့ ဒါမှမဟုတ်ရင် ဝင်ငွေမြင့်မားဖို့ ဒါမျိုးတွေကိုကော ရေရှည်အနေနဲ့ ဘာတွေများ စဉ်းစားထားတာရှိလဲ။

ကိုနေဘုန်းလတ်။  ။ အဲ့ဒါတွေကတော့ အမှန်တိုင်းပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ဆီမှာက ပညာရေးခင်ဗျာ။ ခုနက အကိုပြောတဲ့ ဒီ အလုပ်အကိုင်အခွင့်အလမ်းတို့ နောက်ပြီးတော့ ငွေရေးကြေးရေး အခက်အခဲတို့ မိသားစု စားဝတ်နေရေး ဖူလုံမှုကိစ္စတို့ ပြန်ကြည့်တဲ့အခါမှာ ကျွန်တော်တို့ဆီမှာ ပညာရေးစနစ်က နိမ့်ကျခဲ့တဲ့အခါကျတော့ ကျွန်တော်တို့ အဲ့မှာ ၁၀ တန်းအောင်တယ် ဘွဲ့ရတယ်။ ဒါပေမယ့် တကယ်ထိုက်တယ်တဲ့ အလုပ်တွေကို ဘွဲ့ရတစ်ယောက်အနေနဲ့ အမှန်တကယ်လုပ်နိုင်လား။ ပရော်ဖက်ရှင်နယ် ဖြစ်သလား။ မဖြစ်ဘူး။ မဖြစ်တဲ့အခါကျတော့ရော ဟိုဘက်မှာ တစ်ဘက်ကရော လုပ်ခလစာကော International Standard နဲ့ ရသလားဆိုတဲ့ ဟာမျိုးတွေ ကျွန်တော်တို့ ဒီမှာ ဒီလိုမေးခွန်းတွေ ထုတ်စရာရှိတယ်။ အဲ့ဒါကြီးကျတော့ ကျွန်တော်ထင်တယ် ပညာရေးစနစ်ကြီးကို ပြုပြင်ပြောင်းလဲမှု တစ်ခု ပြုလုပ်ဖို့ အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။

မဇ္ဈိမ ။  ။ ဟုတ်ကဲ့။ အရင်တုန်းကတော့ Blogger နောက်ပြီးတော့ လူငယ်တစ်ယောက်ဖြစ်တယ်။ အခုတော့ Politician (နိုင်ငံရေးသမား) ဖြစ်လာပြီပေါ့လေ။ ဆိုတဲ့အခါ ဘဝနှစ်ခုပဲ ဆိုကြပါစို့။ ဘဝနှစ်ခုမှာ ဘာတွေများ ကွာခြားလဲ။ အခုကျတော့ လွှတ်တော်အမတ်ဖြစ်တယ်။ အဲ့တော့ ခံယူချက်က ဘာလဲ။

ကိုနေဘုန်းလတ်။  ။ ဘဝနှစ်ခု ကွာခြားတာကတော့ Freedom (လွတ်လပ်မှု) ပေါ့နော်။ ကျွန်တော် အရင်တုန်းက Blogger လုပ်တယ်ဆိုတာ ရှင်းရှင်းလေးပဲ ကျွန်တော့် Blog ပေါ်မှာ ကျွန်တော်ရေးတယ်။ ကျွန်တော့မှာ ကျွန်တော်ပင်သည် အယ်ဒီတာပဲ။ ကျွန်တော့်စာမှာ Edit (တည်းဖြတ်) လုပ်မယ့်သူ အယ်ဒီတာတောင် မရှိဘူး။ ကိုယ့်ဘာသာကိုယ် အက်ဒစ်လုပ်ပြီး ရေးတယ်။ နောက် လွတ်လွတ်လပ်လပ်ပဲ။ ဒါပေမယ့် အခုကျတော့ ပါတီတစ်ခုကနေ ရွေးကောက်ပွဲဝင်တဲ့အခါမှာ ပါတီတစ်ခုရဲ့ မူဝါဒတွေ လေ့လာရတာတွေ လိုက်နာရတာတွေ ရှိလာတယ်ပေါ့နော်။ ဒါပေမယ့်လည်း ခံယူချက်ကတော့ မပြောင်းပါဘူး။ ခံယူချက်က အတူတူပဲ။ အရင်တုန်းက Blogger လုပ်ခဲ့တယ်။ Blogger အနေနဲ့ ရပ်တည်တယ်။ နောက်တစ်ခါမှာ NGO အနေနဲ့ MIDO တို့ ပန်းစကားလှုပ်ရှားမှုတွေ လုပ်ခဲ့တယ်။ ဒါတွေအကုန်လုံးက ကျွန်တော်တို့တိုင်းပြည်မှာ မဖြစ်သင့်မဖြစ်ထိုက်တာတွေ မဖြစ်ဖို့ ကျွန်တော်တို့ တိုင်းသူပြည်သားတွေ အေးအေးချမ်းချမ်းနဲ့ နေရဖို့ဆိုတဲ့ စိတ်နဲ့ပေါ့နော် အဲ့ဒီရည်မှန်းချက်နဲ့ ကျွန်တော် လုပ်ခဲ့တာပါ။ အဲ့စိတ်ဓာတ် အဲ့ရည်မှန်းချက်ကတော့ မပြောင်းလဲပါဘူး။ Positon (ရာထူးနေရာ)တော့ ပြောင်းသွားတာပေါ့နော်။  Position ပြောင်းသွားတဲ့အခါမှာ ကျွန်တော်လုပ်လို့ရတဲ့ လုပ်ခွင့်ရတဲ့ အနေအထားတွေ ပြောင်းသွားတဲ့အပေါ် မူတည်ပြီးတော့ ဒါ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အတွက် ပေးတဲ့ တာဝန်တွေကို သုံးပြီးတော့ ပြည်သူလူထုကောင်းစားရေးကို ကျွန်တော် လုပ်သွားမှာပါ။

မဇ္ဈိမ ။  ။ ဒီမှာ ဖေ့ဘုတ်မှာ တစ်ယောက်ကတော့ မေးလာပါတယ်။ တိုက်ခန်းတွေက ကျွန်တော်တို့ သာမာန်လူတန်းစားတွေအတွက် နေထိုင်လို့ မရပါဘူးတဲ့။ ပြီးလို့ရှိရင် ဒီ ကန်ထရိုက်တွေကလည်း အရေအသွေးမမှီတဲ့ စီမံခန့်ခွဲမှုတွေနဲ့ ဆောက်နေကြတာတွေ ရှိတယ်တဲ့။ အဲ့တော့ ဒီဟာတွေကို လွှွတ်တော်အမတ်တစ်ယောက်အနေနဲ့ ဘယ်လိုများ ဖြေရှင်းမလဲလို့ မေးလာပါတယ်ခင်ဗျာ။ အဲ့ဒါကိုလည်း ပြန်ဖြေပေးပါဦးခင်ဗျာ။

ကိုနေဘုန်းလတ်။  ။ ဟုတ်။ ဒီနေရာမှာ ကျွန်တော် တစ်ခုပြောချင်တာက လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ကျွန်တော်တို့က အစိုးရအဖွဲ့ထဲကလူ မဟုတ်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ရိုးက တစ်ခုခုကို အလုပ်တစ်ခုခုကို တကယ် ဆောင်ရွက်တာက အစိုးရက ဆောင်ရွက်တာ။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေက အစိုးရကို ကျွန်တော်တို့ စောင့်ကြည့်ပြီးတော့ Check and Balance ပေါ့။ စောင့်ကြည့်ပြီးတော့ ချိန်ညှိတာတွေလုပ်တယ်။ ပြီးတော့ သူတို့လုပ်သင့်လုပ်ထိုက်တာတွေကို ကျွန်တော်တို့က ဒီဘက်ကနေ အကြံပြု ဆွေးနွေတယ်ဆိုတာမျိုးတွေး ကျွန်တော်တို့ အဲ့လိုတွေ လုပ်ရတဲ့အပိုင်းပါ။ ကျွန်တော့အနေနဲ့ ဒီ ကန်ထရိုက်တိုက်တွေနဲ့ ပတ်သက်တဲ့ဟာမျိုးတွေဆိုရင် ကျွန်တော်မြင်တဲ့ အမြင်မျိုးတွေကို အစိုးရသိသွားအောင် အစိုးရက အောက်ခြေကို အမြဲတမ်း မလာဘူး။ ဝန်ကြီးတွေ ဝန်ကြီးချုပ်တွေ လူထုထဲ မဆင်းနိုင်ဘူး။ ကျွန်တော်တို့က လူထုထဲဆင်းတယ်။ လူထုကိုယ်စားလှယ်တွေ ဖြစ်တယ်။ အဲ့တော့ လူထုကြားထဲမှာ ဘာဖြစ်နေလဲဆိုတာကို ဟိုအပေါ်မှာ အစိုးရသိအောင် လွှတ်တော်ကြီးကို သုံးပြီးတော့ ကျွန်တော်တို့ အစိုးရသိအောင် ပြောပြမယ်။ ဘယ်လိုဘယ်လိုလုပ်ပါလို့ အကြံပြုလို့ရတယ်။ ပြီးရင် သူတို့မလုပ်ရင်လည်း မလုပ်ကြောင်းကို ဒါ အမြဲတမ်း စောင့်ကြည့်ပြီးတော့ ဝေဖန်နေမယ်ဆိုတဲ့ အနေအထားမျိုး ကျွန်တော်တို့ရဲ့Role ကို ရှင်းပြတဲ့ သဘောပါ။ ခုနကဟာက ကျွန်တော်လည်း မြင်ပါတယ်။ ကျွန်တော် လျှောက်သွားနေတာပါ။ တိုက်တွေက သိတဲ့အတိုင်းပဲ ဘာစည်းမျဉ်းစည်းကမ်းမှလည်း မရှိဘူး။ နောက် မြောင်းရှိလားဆိုတော့လည်း မြောင်းမရှိဘူး။ အမှိုက်ပစ်ဖို့ စနစ်ရှိလားဆိုတော့လည်း အမှိုက်ပစ်ဖို့ စနစ်မရှိဘူး။ လူတွေက တဲပေါ်ကနေ တိုက်ပေါ်ကို ရောက်သွားတယ်တာပြောတာ လုံခြုံစိတ်ချမှုက ကိုယ့်ဘာသာကိုယ်တဲပေါ်မှာနေတာက အေးအေးဆေးဆေးနေရဦးမယ်။ တိုက်ပေါ်ရောက်သွားတဲ့အခါမှာ အဲ့လိုမျိုး Quality မမှီတဲ့အခါကျတော့ ပိုပြီးတော့တောင် လုံခြုံစိတ်ချမှုတွေ လျော့သွားတဲ့ အနေအထားမျိုးတွေ ကျွန်တော်တို့တွေ ဖြစ်တယ်ပေါ့နော်။ ဒါတွေကလည်းပဲ အမှန်တိုင်းပြောမယ်ဆိုရင် ရှေ့မှာပျက်ခဲ့တဲ့ စနစ်တွေက အဲ့ဒါတွေအကုန်လုံးကို ကျွန်တော်တို့ တဖြေးဖြေးနဲ့ ပြန်ပြီးတော့မှ ပြင်နိုင်ဖို့ ကြိုးစားတယ်ဆိုရင်တောင်မှ နောက်ပိုင်း ကျွန်တော်တို့ မေးခွန်းတွေကနေ ထိရောက်တဲ့ ရလဒ်တွေ ထွက်လာဖို့ အများကြီး မျှော်လင့်ရပါတယ်။

ဆက်လက်ဖော်ပြပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly