လာမည့်ရွေးကောက်ပွဲတွင် အမျိုးသမီးများပါဝင်မှု ခွဲတမ်းသတ်မှတ်ချက်ထားရန် တိုက်တွန်း

လာမည့်ရွေးကောက်ပွဲတွင် အမျိုးသမီးများပါဝင်မှု ခွဲတမ်းသတ်မှတ်ချက်ထားရန် တိုက်တွန်း

ရန်ကုန်၊ ဇွန် ၇ ။                 ။ လာမည့်ရွေးကောက်ပွဲများတွင် အမျိုးသမီးများအတွက် ခွဲတမ်းနေရာသတ်မှတ်ချက်ပေးလာရန် နိုင်ငံရေးပါတီများအနေဖြင့် တွန်းအားပေးသင့်ကြောင်း ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခဲ့သည့် Gender Concerns International အဖွဲ့က တိုက်တွန်းပြော ကြားလိုက်သည်။

ဇွန်လ ၇ ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel Hotel ၌ မိတ်ဆက်တင်ပြခဲ့သည့် ကျား/မ တန်းတူရေးဆိုင်ရာ ရွေးကောက်ပွဲစောင့်ကြည့်မှု အစီရင်ခံစာတွင် ယခုကဲ့သို့ တိုက်တွန်းထားခြင်း ဖြစ်သည်။

Gender Concerns International အဖွဲ့အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် နေပြည်တော်နှင့် ရန်ကုန်တို့တွင် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခြင်း ဖြစ်သည့်အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ တင်ပြသွားမည်ဟု သိရသည်။

"ဒီအစီရင်ခံစာထဲမှာ အဓိကတွေ့ရတာတော့ အမျိုးသမီးတွေရဲ့ ပါဝင်ပတ်သက်မှုဟာ အားရဖွယ်ရာကောင်းပေမယ့် နိုင်ငံတကာ စံချိန်စံညွှန်းတွေတော့ မပြည့်မှီသေးဘူးပေါ့။ နိုင်ငံတကာမှာဆိုရင်တော့   ရွေးကောက်ပွဲဝင်မယ်ဆိုရင်လည်း ရွေးကောက်ပွဲဝင်သူတွေရဲ့ ၃၀ရာခိုင်နှုန်းက အမျိုးသမီးတွေ ဖြစ်တယ်ဆိုတာကိုတွေ့ရတယ်။ မြန်မာနိုင်ငံမှာတော့ ၃၀ရာခိုင်နှုန်းလောက် မပါသေးဘူး။ ၁၀ရာခိုင်နှုန်းလောက်ဆိုတော့ တစ်ဝက်တောင်မပြည့်မှီသေးဘူး ဆိုတဲ့ အချက်တွေကို တွေ့ရှိထားပါတယ်"ဟု အဆိုပါ အစီရင်ခံစာ မိတ်ဆက်ပွဲသို့ တက်ရောက်လာသည့် Myanmar Institute of Peace and Security Studies –MIPSSမှ Exective Director ဒေါ်ခင်မမမျိုးက ပြောသည်။

ယင်း အစီရင်ခံစာတွင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာထားမှုနှင့် နှိုင်းယှဉ်ကာ အမျိုးသမီးများ ပါဝင်လာနိုင်မှု နှင့် ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်၊ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီများနှင့် အရပ်ဖက်အဖွဲ့ အစည်းများကို တိုက်တွန်းထားသည့် အချက်များ ထည့်သွင်းရေးသားထားသည်။

အမျိုးသမီးများရွေးကောက်ပွဲတွင် ပိုမိုပါဝင်လာနိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေးကို အမျိုးသမီးများအတွက်လျော့   ပေးသင့်ကြောင်း နှင့်  ကိုယ်စား လှယ်လောင်းဖြစ်လာစေရန်  အမျိုးသမီးများကြုံတွေ့နေရသည့်အတားအစီးများကို သီးခြားအစီအစဉ်များဖြင့် အားပေးထောက်ခံမှုများဖြင့် ဖယ်ရှားပေးသင့်ကြောင်း အစီခံစာတွင် ဖော်ပြထားသည်။

အစိုးရအနေဖြင့်လည်း ရွေးကောက်ပွဲများနှင့် အမျိုးသမီးအခွင့်အရေးကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ပိုမိုကောင်းမွန်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် ကူညီထောက်ပံ့မှုများ   ပြုလုပ်ပေးရမည်ဟု တိုက်တွန်းထားသည်။

ထို့ပြင် ကျားမအချိုးအစားခွဲတမ်းကို ရွေးကောက်ပွဲ ဥပဒေတွင် ထည့်သွင်းပြဌာန်းနိုင်ရေးနှင့် အကောင်ထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်က စစ်ဆေးသုံးသပ်ခြင်းများကို လုပ်ဆောင်သင့်ကြောင်းနှင့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ပုံရိပ်ကို မြှင့်တင်ခြင်းနှင့် နိုင်ငံရေး ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ပါဝင်လာနိုင်ရေး သင်တန်းများပေးရာတွင်   နိုင်ငံရေးပါတီများအား ထောက်ပံ့ကူညီ ပေးသင့်ကြောင်း အစီရင်ခံစာက တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required