အက်သလက်တီကို ကွင်းလယ်လူ အာဒါတူရန်ကို ဘာစီလိုနာအသင်း ခေါ်ယူ

အက်သလက်တီကို ကွင်းလယ်လူ အာဒါတူရန်ကို ဘာစီလိုနာအသင်း ခေါ်ယူ

ဇူလိုင် ၇၊ စပိန်။ ။ ဘာစီလိုနာအသင်းသည် အက်သလက်တီကိုအသင်းမှ တူရကီလက်ရွေးစင် ကွင်းလယ်ကစားသမား အာဒါတူရန်ကို ပြောင်းရွှေ့ကြေး ပေါင် ၂၉ သန်းဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

အသက် ၂၈ နှစ်အရွယ်ရှိ တူရန်ကို ချယ်လ်ဆီးနှင့် မန်ယူအသင်းတို့က ခေါ်ယူရန် ကြိုးပမ်းခဲ့ကြသော်လည်း ဘာစီလိုနာအသင်းက ခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ဘာစီလိုနာအသင်းသည် အာဒါတူရန်၏ ပြောင်းရွှေ့ကြေးကို လက်ငင်းငွေသားအဖြစ် ပေါင် ၂၄ သန်းပေးချေမည်ဖြစ်ပြီး ၅ သန်းကို ဒုတိယအရစ်အဖြစ် ထပ်မံပေးချေကာ ငါးနှစ်စာချုပ် ချုပ်ဆိုမည် ဖြစ်သည်။

အာဒါတူရန်ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်သော်လည်း ၎င်းတို့ ချုပ်ဆိုခဲ့သည့် စာချုပ်မှာ သာမန်စာချုပ်များထက် ထူးခြားလျက်ရှိသည်။ စာချုပ်ထဲတွင် ဘာစီလိုနာအသင်းဥက္ကဋ္ဌသစ်မှ အပြောင်းအရွှေ့ကို သဘောမကျပါက ဇူလိုင်လ ၂၀ ရက်မတိုင်မီ တူရန်ကို အက်သလက်အသင်းထံ ပြန်ပို့ခွင့်ပြုရန် ပါရှိသည်။ ဘာစီလိုနာဥက္ကဋ္ဌသစ် ရွေးကောက်ပွဲကို ဇူလိုင်လ ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။

ထိုကဲ့သို့ ဖြစ်ပျက်ခဲ့ပါက ဘာစီလိုနာအသင်းသည် အက်သလက်တီကိုအသင်းထံသို့ ပေါင် ၂ ဒသမ ၄ သန်း လျော်ကြေးအဖြစ် ပေးချေရမည် ဖြစ်သည်။
ဘာစီလိုနာအသင်းနည်းပြ လူးဝစ္စအင်းနရစ်က အာဒါတူရန်ကို ခေါ်ယူရန် တောင်းဆိုထားကြောင်း ဥက္ကဋ္ဌရွေးကောက်ပွဲဝင်မည့် လက်ရှိအသင်းဥက္ကဋ္ဌ ဘာတိုမြူက ပြောသည်။

အာဒါတူရန်သည် ကက်တလန်အခြေစိုက်အသင်းသို့ ပြောင်းနိုင်ခဲ့ပါကလည်း ၂၀၁၆ နှစ်ဆန်းပိုင်းတွင်မှ ကစားခွင့်ရမည် ဖြစ်သည်။ ဘာစီလိုနာအသင်းမှာ လူငယ်ကစားသမားများကို တရားမဝင်ခေါ်ယူမှုကြောင့် အပြောင်းအရွှေ့ပိတ်ပင်ခံထားရခြင်း ဖြစ်သည်။

တူရန်ရောက်ရှိလာပါက ဇာဗီထွက်ခွာသွားသော ဘာစီလိုနာအသင်းအလယ်တန်းမှ ပြန်လည် တောင့်တင်းလာမည် ဖြစ်သည်။ တူရန်သည် ဇာဗီလောက် ကောင်းမွန်သည့် အလယ်တန်းကစားသမားမဟုတ်သော်လည်း အက်သလက်အသင်းတွင် အောင်မြင်ခဲ့သည့် လာလီဂါအတွေ့အကြုံရှိ ကစားသမား ဖြစ်သည်။

တူရန်သည် အက်သလက်အသင်းသို့ ၂၀၁၁ ခုနှစ်က ရောက်ရှိခဲ့ပြီး လာလီဂါဖလား၊ ကိုပါဒယ်ရေးဖလား၊ ယူရိုပါလိဂ်ဖလား၊ စပိန်စူပါဖလားနှင့် ယူအီးအက်ဖ်အေစူပါဖလားတို့ကို ရရှိခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲသို့လည်း တက်ရောက်နိုင်ခဲ့သည်။ အက်သလက်အသင်းအတွက် ၁၇၈ ပွဲကစားပြီး ၂၂ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly