ပြည်သူတွေရဲ့ ခံစားချက်ကိုမကြည့်ဘဲ ကြမ်းတမ်းစွာ ဖြေရှင်းတဲ့နည်းကို သုံးမှာမဟုတ်ပါဘူး

ပြည်သူတွေရဲ့ ခံစားချက်ကိုမကြည့်ဘဲ ကြမ်းတမ်းစွာ ဖြေရှင်းတဲ့နည်းကို သုံးမှာမဟုတ်ပါဘူး
ဓာတ်ပုံ - ဟောင်ဆာ(ရာမည)

ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တိုမဲဆန္ဒနယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းနှင့် တွေ့ဆုံခြင်း

မင်္ဂလာပါရှင်။ 7 minuts အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီအစီအစဉ်ကနေ တွေ့ဆုံမေးမြန်းမဲ့သူကတော့ ရန်ကုန်တိုင်းဒသကြီး ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ် အမှတ် ၁ က တိုင်းလွှွတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းပဲ ဖြစ်ပါတယ်။

မဇ္ဈိမ ။  ။ အရင်ဦးဆုံးအနေနဲ့ အခု လက်တလောဖြစ်ပေါ်နေတဲ့ ကျူးကျော်ပြဿနာပေါ့။ အိမ်ယာမဲ့တွေရဲ့ ဘဝပေါ့နော်။ သူတို့အကြောင်းလေးတွေကို ဆရာမနဲ့ နည်းနည်းလောက် ဆွေးနွေးစေချင်ပါတယ်ရှင်။ အခု ဒီဝန်ကြီးချုပ်က လောလောဆယ်မှာ ကျူးကျော်တွေကို ဖြေရှင်းပေးမယ်လို့ ပြောထားတာရှိတယ်ရှင့်။ အဲ့ဒီတော့ ကျူးကျော်တွေ နောက်ထပ် ထပ်မတိုးအောင် ဖြေရှင်းပြီးရင်လည်း ဒီလိုမျိုး အိမ်ယာမဲ့တွေ ထပ်မရှိအောင် ဘယ်လိုမျိုး စီစဉ်သင့်သလဲ။ ဘယ်လိုမျိုး နေရာချထားပေးသင့်သလဲဆိုတာ အရင်ဆုံး ဆွေးနွေးပေးပါလားရှင်။

ဒေါ်စန္ဒာမင်း ။  ။ ကျွန်မတို့ စဉ်းစားရမှာက ဒီကျူးကျော်တွေ ဘယ်နှခုနှစ်တည်းက စဖြစ်နေတာလဲ။ အခုလက်ရှိမှာကော ကျူးကျော် အင်အားပေါ့နော် အင်နဲ့အားနဲ့ ဘာ့ကြောင့် ဖြစ်လာတာလဲဆိုတာ အရင်ဆုံး ကျွန်မ စဉ်းစားရမယ်လို့ ထင်ပါတယ်။ တရားမဝင် စာရင်းအရ အခု အကြမ်းမျဉ်းစားရင်းအရလို့ပဲ ပြောလို့ရပါတယ်။ ဒီစာရင်းအရဆိုရင် လှိုင်သာယာတို့ ရွှေပြည်သာတို့ အပါအဝင်ပေါ့။ ကျွန်မတို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာဆိုင် ခရိုင်လေးခု ရှိပါတယ်။ ဒီခရိုင်လေးခုမှာ ကျူးကျော်အင်အားပေါင်းက တစ်သိန်းလောက် ရှိတယ်ရှင့်။ ကျူးကျော်အင်အား တစ်သိန်းလောက် ရှိပြီးတော့ ကျူးကျော်တဲ့ နေထိုင်တဲ့ လူဦးရေကတော့ လေးသိန်းကျော်လောက်ရှိတယ်။ အဲ့တော့ ကျွန်မတို့က ဒီလေးသိန်းကျော်က ဘာကြောင့် ဖြစ်လာတာလဲ ကျွန်မတို့ စဉ်းစားရမယ်။ ကျွန်မတို့ လှိုင်သာယာကို ဥပမာပေးရမယ်ဆိုရင် ကျွန်မတို့ လှိုင်သာယာမြို့မှာပဲ စက်မှုဇုန်နားမှာ ကျွန်မတို့ စက်ရုံထောင်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ပါတယ်။ ဒီစက်မှုဇုန်တွေ လှိုင်သာယာမြို့နယ်မှာ စပြီးလုပ်ပြီးတော့ ပေါ်ပေါက်လာတုန်းက ကျူးကျော်တွေမရှိပါဘူး။ ဒါပေမယ့် အိမ်လေးတွေ နည်းနည်းပါးပါး ရှိပါတယ်။ ဒါပေမယ့်လည်း ကျူးကျော်ရယ်လို့ ဖြစ်လာတာမရှိဘူး။ ဒါပေမယ့် ၂၀၀၇ ခုနှစ် ကျွန်မ ထောင်ထဲကိုမဝင်ခင် ၂၀၀၇ ခုနှစ်ထိ ကျူးကျော်ဆိုတာ ကျွန်မတို့စက်ရုံနားမှာလည်း မရှိဘူး။ ဒါပေမယ့် ၂၀၀၇ ခုနှစ်ပြီးတော့ ၂၀၀၈ ခုနှစ်မှာ ကျွန်မ ထောင်ကျတယ်။ ထောင်ကနေပြန်လွတ်လာတော့ ကျွန်မစက်ရုံကို သွားကြည့်တဲ့အချိန်မှာ ၂၀၁၂ ခုနှစ် ဖြစ်နေပြီ။ ဒီအခြေအနေမှာ ကျွန်မတို့ လှိုင်သာယာမြို့နယ်မှာ အလုံးအရင်းနဲ့ အများအပြား ကျူးကျော်တွေ အများအပြား ဖြစ်လာတာ တွေ့ရတယ်။ ဒီကျူးကျော်တွေ ဘာ့ကြောင့် ဖြစ်လာတာလဲ။ ကျွန်မ ထောင်ထဲရောက်တဲ့အချိန်မှာပဲ နာဂစ်ဖြစ်ပါတယ်။ ဒီ ၂၀၀၈ နာဂစ်ဖြစ်တဲ့အချိန်က အဓိကဖြစ်တယ်လို့ အားလုံးကတော့ အဖြေတစ်ခုကို အကြမ်းမျဉ်း သိရတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ နာဂစ်ဖြစ်လာတဲ့အချိန်မှာ ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ လူတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ ပျက်စီးသွားတယ်။ ဒါ့ကြောင့်မိုလို့ မြို့ပေါ်ကိုတက်လာတယ်။ တရားမဝင်နေထိုင်ရတဲ့အခါမှာ သူတို့အတွက် နေရာအခက်အခဲတွေ ပြဿနာဖြစ်လာတယ်ဆိုတာမျိုး ပြောပါတယ်။ အစိုးရကလည်း ဒီ နာဂစ်ဖြစ်တဲ့ ဒေသတွေမှာ တကယ်ကိုပဲ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို သိသာထင်ရှားအောင် ပြည်သူတွေရဲ့ကြားထဲမှာ တကယ်ကိုပဲ သိသိသာသာ ထင်ထင်ရှားရှားနဲ့ အကျိုးရှိအောင် ပြီးခဲ့တဲ့အစိုးရက မလုပ်ပေးနိုင်ဘူးဆိုတာကို တွေ့ရတယ်။

မဇ္ဈိမ ။  ။ ဟုတ်ကဲ့ပါရှင့်။ ဒီ ကျူးကျော်ပြဿနာက စက်မှုဇုန်တွေ ဒီ မြို့ပြင်တွေမှာ မဟုတ်ဘဲနဲ့ မြို့ထဲတွေမှာလည်း ရှိတယ်။ ပြီးတော့ တချို့ဆိုလို့ရှိရင် ဒီနေရာကွက်ကတော့ ပိုင်တဲ့သူရှိတယ်။ သူတို့ကတော့ ဒီမြေကွက်ကို ဒီအတိုင်းပဲ ပစ်ထားတယ်။ အဲ့ဒီနေရာမှာ ကျူးကျော်ပြီးတော့ ဝင်ပြီးတော့ နေကြတယ်။ နေတော့ အခု ပိုင်ရှင်ကဖယ်ခိုင်းတော့ တစ်ဖက်ကလည်း ဖယ်ပေးဖို့ စရိတ်စက တောင်းတာတို့ ပြောင်းရွေ့စရိတ် တောင်းတာတို့ မကျေလည်မှုတွေနဲ့ အမှုတွေ ဖြစ်နေတာလည်း ကျွန်မတို့ ကြားတယ်ရှင်။ အဲ့ဒီတော့ ဒီလိုမျိုးတွေကော ပုဂ္ဂလိကပိုင်မြေပေါ်မှာ ဝင်ရောက် ကျူးကျော်တဲ့သူတွေကော ပါလား။ အဲ့လိုလူမျိုးတွေကိုကော ဘယ်လို ဖြေရှင်းပေးသင့်လဲ အဲ့ဒါကိုလည်း ဆရာမအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ပြောပေးပါလားရှင့်။

ဒေါ်စန္ဒာမင်း ။  ။ တကယ်တမ်း ကျွန်မတို့ စဉ်းစားကြည့်ရင် ကျူးကျော်မှာ ဘယ်လိုနည်းနဲ့ ကျူးကျော်တာလဲဆိုတာကို အခုလက်တွေ့ တွေ့နေရတာက ငြိမ်းချမ်းရေး အဖွဲ့အစည်းအနေနဲ့ အဖွဲ့အစည်းအမည်တွေနဲ့ ကျူးကျော်တာမျိုးတွေလည်း ရှိပါတယ်။ နောက် နိုင်ငံရေးပါတီတွေရဲ့ ပါတီတွေရဲ့ အမည်တွေကို ခုတုံးလုပ်ပြီး ကျူးကျော်တာတွေလည်း ရှိပါတယ်။ နောက်ပြီးတော့ ဒုစရိုက်သမားတွေပေါ့။ ဒုစရိုက်သမားတွေက လူမိုက်ဆန်ဆန် လက်ညှိုးထိုးပြီးတော့ ဆရာမပြောသလိုပဲ သူတစ်ပါးရဲ့မြေကို လက်ညှိုးထိုးပြီးတော့ ရောင်းစားတာမျိုးတွေလည်း ရှိပါတယ်။ ဒါ့ကြောင့် မကြာခင်က ဝန်ကြီးချုပ်က ပြောသွားတာလည်း ရှိပါတယ်။ ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေး အဖွဲ့အစည်းအမည်ခံပြီး ကျူးကျော်တာတွေကို တကယ်ပဲ ဖြေရှင်းပစ်မယ်ဆိုတာက တကယ်တမ်းဆိုရင်တော့ နဂိုတုန်းက တရားဥပဒေ စိုးမိုးမှု မရှိခဲ့လို့ပါ။ အဲ့တော့ ကျွန်မတို့က ဘာလဲဆိုတော့ တရားဥပဒေ စိုးမိုးမှုရှိအောင် တရားဥပဒေရေးရာနဲ့ ကိုင်တဲ့ တရားဥပဒေနဲ့ပတ်သတ်လို့ ဆောင်ရွက်ရတဲ့ ရဲအဖွဲ့အစည်းတွေ ဒီ တရားရုံးအဖွဲ့အစည်းတွေ ဒါတွေအားလုံးကို နံပါတ်တစ် အင်အားကောင်းကောင်းနဲ့ လုပ်နိုင်အောင် သူတို့ကို ပံ့ပိုးပေးရမယ်။ သူတို့လိုတာတွေကို ဖြည့်ဆည်းပေးရမယ်။ ပြီးပြီဆိုရင်တော့ ခုနက ကျွန်မပြောထားတဲ့ သုံးနည်းနဲ့ ကျူးကျော်ထားတဲ့သူတွေကို တရားဥပဒေအတိုင်းပဲ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးရမယ်။

မဇ္ဈိမ ။  ။ ဟုတ်ကဲ့ပါရှင့်။ ကျွန်မ ဒီ ကျူးကျော်တွေနဲ့ သွားတွေ့တယ်။ အင်တာဗျုးတွေ သွားလုပ်တဲ့အခါမှာ သူတို့ဆီက ကြားရတာကတော့ သူတို့ဆီမှာ တကယ်နေစရာ မရှိပါဘူးပေါ့နော်။ သူတို့ကိုယ်တိုင် ရွေးချယ်ထားတဲ့ အစိုးရကိုလည်း အမှန်တကယ် အားကိုးပါတယ်ဆိုပြီးတော့လည်း ပြောကြတယ်ရှင်။ ကျွန်မတို့ကိုယ်တိုင်လည်း စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်ရှင်။ အခုလိုမျိုး ပြည်သူရွေးချယ်ထားတဲ့ အစိုးရတစ်ရပ် ပြည်သူရွေးချယ် တင်မြောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဒီလိုမျိုး အိမ်ယာမဲ့ နေစရာမဲ့ အလုပ်လက်မဲ့ ဖြစ်နေတဲ့သူများအပေါ်မှာ ဘားများ ပြောချင်ပါသလဲရှင်။ ဘယ်လိုမျိုး လုပ်ထုံးလုပ်နည်းတွေနဲ့ ဖြေရှင်းသွားမယ်ဆိုတာ သူတို့လို မျှော်လင့်နေတဲ့ သူတွေအနေနဲ့ ဆရာမက လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ပြောပေးပါရှင့်။

ဒေါ်စန္ဒာမင်း ။  ။ ကျွန်မ ဝန်ကြီးချုပ်ပြောထားတဲ့ စကားကိုပဲ ပြန်ပြောချင်ပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့ ကျွန်တော်တို့အစိုးရက ဘူဒိုဇာ အစိုးရမဟုတ်ပါဘူးတဲ့။ မှန်ပါတယ်။ ကျွန်မတို့ဟာ ပြည်သူတွေရဲ့ နာကျင်စွာ ခံစားခဲ့ရမှု အခက်အခဲ ဒုက္ခတွေကို ဖြေရှင်းတဲ့အခါမှာ ပြည်သူတွေရဲ့ ခံစားနေရတဲ့ ခံစားချက်တွေကို နားမလည်ဘဲနဲ့ ကြမ်းတမ်စွာ ဖြေရှင်းတဲ့နည်းကို ကျွန်မတို့ လုပ်မှာ မဟုတ်ပါဘူး။

မဇ္ဈိမ ။  ။ ဟုတ်ကဲ့ပါရှင့် နောက်ဆုံး တစ်ခုလောက် မေးချင်ပါတယ်ရှင့်။ လက်ရှိ အစိုးရသက်တမ်းက ငါးနှစ်ပဲဆိုတော့ ဒီအစိုးရသက်တမ်း ငါးနှစ်အတွင်းမှာ ကျူးကျော်ပြဿနာကို ဖြေရှင်းပေးဖို့အတွက် အချိန် ဘယ်လောက်လောက် ယူရမလဲ။ ဒီ ငါးနှစ် သက်တမ်းမှာကော ပြီးဆုံးဖို့အတွက် ဘာတွေလိုအပ်သလဲ။ အချိန်ကာလလေးနဲ့ ပတ်သက်လို့ ပြောပေးပါလားရှင်။

ဒေါ်စန္ဒာမင်း ။  ။ ကျွန်မ ဝန်ကြီးချုပ် ပြောသွားတဲ့ဟာအရပဲ ထောက်ကြည့်မယ်ဆိုရင်တော့ ကျွန်မတို့ NLD အစိုးရ တာဝန်ယူမယ့် အစိုးရသက်တမ်း ငါးနှစ်အတွင်းမှာတော့ ဒီဟာသည် ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ် ကျူးကျော်ပြသနာတွေကို ဖြေရှင်းလိုက်နိုင်လိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်။ နောက်နောင်ကို ဘယ်တော့မှ မြို့ပြ လယ်ယာဥပဒေ အခုဆိုလို့ရှိရင် မြို့ပြလယ်ယာ ဥပဒေကို တိတိကျကျအတိုင်း လိုက်နာဖို့ကို စည်ပင်သာယာက မူဝါဒတွေအတိုင်း ချမှတ်ထားတဲ့ ဥပဒေတွေအတိုင်းကို လိုက်နာပြီးတော့ ဝန်ထမ်းတွေအားလုံးက လိုက်နာဆောင်ရွက်ပေးမယ် ဆိုရင်တော့ ကျွန်မတို့က ဒီငါးနှစ်အတွင်းမှာ ဒီကျူးကျော်ပြဿနာတွေကို နောက်ဆုံးပိတ်အနေနဲ့ ဖြေရှင်းနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

မဇ္ဈိမ ။ ။ ဟုတ်ကဲ့ပါရှင့်။ အခုလို အချိန်ပေးပြီး ဖြေကြားပေးတာကို ကျွန်မတို့အစီအစဉ်ကနေ ကျေးဇူးတင်ပါတယ်ရှင်။

ဒေါ်စန္ဒာမင်း။  ။ ကျေးဇူးတင်ပါတယ်။ ကျွန်မကလည်း ဖြေခွင့်ရတဲ့အတွက်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required