တူရကီ ခရီးသွားအပန်းဖြေစခန်းတစ်ခု၌ ရေအောက် ကျောက်တန်းတုအဖြစ် Airbus ဂျက်လေယာဉ်ကြီးကို ပင်လယ်ကြမ်းပြင်တွင် ထားရှိ

တူရကီ ခရီးသွားအပန်းဖြေစခန်းတစ်ခု၌ ရေအောက် ကျောက်တန်းတုအဖြစ် Airbus ဂျက်လေယာဉ်ကြီးကို ပင်လယ်ကြမ်းပြင်တွင် ထားရှိ

ဇွန် ၆ ။              ။ တူရကီနိုင်ငံ၏ နာမည်ကျော် Kusadasi အပန်းဖြေစခန်း အနီး ပင်လယ်ကြမ်းပြင်တွင် ရေငုပ်သူများအတွက် ရည်ရွယ်၍   ရေအောက်ကျောက်တန်းတုတစ်ခုအဖြစ် ဖန်တီးထားရှိရန် အာဏာပိုင်များက Airbus Jet လေယာဉ်ကြီးတစ်စီးကို ချထားပေးခဲ့ကြောင်း သတင်းတစ်ရပ်တွင်ဖော်ပြသည်။

အဆိုပါ ပင်လယ်ကမ်းခြေအပန်းဖြေစခန်းသို့ လာရောက်လည်ပတ်သည့်  ခရီးသွားအများအပြားမှာ ရေအောက်ရှိ သန္တာကျောက်တန်းများ၊ ရေအောက်အပင်မျိုးစိတ်များနှင့် သက်ရှိသတ္တဝါများကို ရေငုပ်ကာ စူးစမ်းလေ့လာမှုများ ပြုလုပ်လျက်ရှိရာ ယခုကဲ့သို့ အာဏာပိုင်များက ရေအောက်ကြမ်းပြင်တွင် လေယာဉ်ကြီးတစ်စီးကို ချထားပေးလိုက်ခြင်းဖြင့် ယင်းစခန်းသို့ လာရောက်ရန် ခရီးသွားများကို ပိုမိုဆွဲဆောင်သွားနိုင်လိမ့်မည်ဟု ယုံကြည်နေလျက်ရှိသည်။

A300 Airbus ဂျက်လေယာဉ်ကြီးကို မေလ ၅ ရက်နေ့က Aydin ဒေသရှိ ယင်း အပန်းဖြေစခန်း အနီး ပင်လယ်ကြမ်းပြင်တွင် ချထားပေးလိုက်ခြင်းဖြစ်ကြောင်း ပြည်တွင်း သတင်းမီဒီယာများ တွင် ဖော်ပြသည်။

အတွေ့အကြုံ ဒိုင်ဗင်သမားများဖြင့် စည်ကားလှသော အဆိုပါ စခန်းရှိ ပင်လယ်ပြင်တွင် ယင်းလေယာဉ်ကြီးကို ချထားပေးလိုက်ကာ ရေအောက် သန္တာကျောက်တန်း အလှအပများကို ပံ့ပိုးနိုင်ရန် ရည်ရွယ်ထားသည်။ လေယာဉ်ကြီးမှာ ရေအောက်တွင် သဘာဝသက်ရှိ အပင်များနှင့် ရေအောက်သတ္တဝါများအကြား ဆွဲဆောင်နိုင်မည့်အရာအဖြစ် တည်ရှိနေမည်ဖြစ်သည်။

နှစ်သက်တမ်း ၃၆ နှစ်ရှိ ယင်းလေယာဉ်ကြီးကို ပုဂ္ဂလိကလေကြောင်းလိုင်းတစ်ခုမှ Aydin ဒေသအာဏာပိုင်အဖွဲ့က နိုင်ငံသုံးငွေကြေး ၂၇၀,၀၀၀ နဲ့ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ယင်းနေ့က အဆိုပါလေယာဉ်ကြီးကို နှစ်နာရီခွဲကြာ ရေအောက်သို့ နစ်မြုှပ်ထားရှိမှုကို လူများစွာက အနီးအနားတွင် လှေများဖြင့် စောင့်ကြည့်အားပေးခဲ့ကြပြီး လေယာဉ်ဦးပိုင်း နောက်ဆုံးမြုှပ်သွားချိန်အထိ ဓါတ်ပုံများ ရိုက်ကူးအားပေးခဲ့ကြသည်။

မကြာသေးသော နှစ်ကာလများက အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များဖြင့် လုံခြုံရေးအခြေအနေများကြောင့် ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်မှုများ ရှိထားခဲ့ရာ ယခုအခါ အာဏာပိုင်များက နိုင်ငံတွင် အဓိကကျသော ခရီးသွားလုပ်ငန်းကို ပြန်လည် မြင့်တင်နိုင်ရန် ယခုကဲ့သို့ ရည်ရွယ်လုပ်ဆောင်နေခြင်းလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required