မဘသဆရာတော်များ ကိုယ်ပိုင်အထက်တန်းကျောင်း ဖွင့်

မဘသဆရာတော်များ ကိုယ်ပိုင်အထက်တန်းကျောင်း ဖွင့်
ဇွန်လ ၁ ရက်နေ့တွင် တွေ့ရသော မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်းမှ အဋ္ဌမတန်းကျောင်းသူကျောင်းသားများ (ဓာတ်ပုံ - မဟော်သဓာ အထက်တန်းကျောင်း)

မဘသဆရာတော်များ၏ ရန်ကုန်မြို့အနီးရှိ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် အနယ်နယ်အရပ်ရပ်မှ လူငယ် တစ်ရာကျော် တက်ရောက်ပညာသင်ယူနေကြသည်

ရန်ကုန် (Myanmar Now) ။          ။ ကိုယ်ပိုင်အထက်တန်းကျောင်းလုပ်ငန်းကို စီးပွားရေးသမားများကသာ လုပ်ကိုင်နေကြသော် လည်း ရန်ကုန်တွင် ယခုနောက်ဆုံးပေါ်ပေါက်လာသည့် ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုကို တည်ထောင်သူတို့မှာ အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (မဘသ) မှ ဦးဆောင် ဆရာတော်များ ဖြစ်သည်။

ရန်ကုန်မြို့လယ်မှ ကားဖြင့်သွားလျှင် ၃ နာရီကျော်မျှ ကြာမည့် လှည်းကူးမြို့နယ်အတွင်း စိုက်ပျိုးရေးခြံများပတ်လည်ဝိုင်းနေသည့် ၅ ဧကကျယ်မြေနေရာတွင် တည်ဆောက်ထားသော ထိုကျောင်းတွင်  ၅ ထပ် အဆောက်အဦကြီးတစ်ခုရှိပြီးမကြာမီတိုးချဲ့အဆောက်အဦ ၂ လုံး ပေါ်လာဦးမည်ဟု သိရသည်။

မဟော်သဓာဟု အမည်ပေးထားသော ထိုအထက်တန်းကျောင်းတွင် ယခုနှစ် ဝင်ခွင့်အောင်မြင် သူ ၈ တန်းကျောင်းသား၊ ကျောင်းသူ ၁၄၆ ဦးရှိကြောင်း၊ လာမည့်နှစ်များတွင် ၉ တန်း၊ ၁ဝ တန်းတို့ကို လက်ခံမည်ဖြစ်ကြောင်း သိရသည်။

တခြားသော ကိုယ်ပိုင်အထက်တန်းကျောင်းများတွင် နှစ်စဉ်ကြေး ၈ သိန်းဝန်းကျင် ကုန်ကျ မည် ဖြစ်သော်လည်း မဟော်သဓာတွင်မူပညာသင်ကြားရေး၊ နေရေး၊ စားရေး၊ ကျန်းမာရေးမှာ အခမဲ့ဖြစ်သည်။

“ပညာရေးမှာတစ်ခုခုလုပ်မယ်ဆိုတာအရင်ကတည်းကစိတ်ကူးပြီးသား၊အခုမှ အကောင်အ ထည် ဖော်ရတာ”ဟုကျောင်းတည်ထောင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည့် ဆရာတော် တစ်ပါးဖြစ်သူ အရှင်ပညာဝရကမိန့်ကြားသည်။ “ဒီအထဲက ထူးချွန်တဲ့ ကျောင်းသားတွေကို ဘွဲ့တစ်ခုခု ရဖို့အထိ ထောက်ပံ့ပေးဖို့လည်း စိတ်ကူးထားတယ်”

ကျောင်းမြေနေရာကို မဟာမြိုင်စိုက်ပျိုးရေးကုမ္ပဏီက လှူဒါန်းပြီး၊ ကျောင်းအဆောက်အဦကို မိုးထိမိုးမိဒေသ ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသော အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီက လှူဒါန်းကြောင်း သိရသည်။

မဟော်သဓာ

တစ်နိုင်ငံလုံးမှ စာသင်ကျောင်းများ ယခုနှစ်စာသင်နှစ်အတွက် ပြန်လည် အသက်ဝင်လာသည့် ဇွန်လ ၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့နယ်ရှိ မဟော်သဓာအထက်တန်းကျောင်း၏ သင်ကြားရေးလုပ်ငန်းများလည်း အစပြုလိုက်သည်။ ကျောင်းသူကျောင်းသားများ နံနက် ၇ နာရီတွင် ဘုရားရှိခိုးပြီး ငါးပါးသီလခံယူဆောက်တည်ကြကာ နံနက် ၉ နာရီတွင် နိုင်ငံတော်အလံအလေးပြု၊ နိုင်ငံတော်သီချင်းသီဆိုကြကြောင်း ကျောင်း၏ လူမှုကွန်ရက် အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။

အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းအမည်မှာ ဇာတ်နိပါတ်များတွင် ပါရှိသောဘုရားလောင်း ပညာရှိ သုခမိန်၏ အမည်ကိုယူထားခြင်း  ဖြစ်သည်။

မဟော်သဓာသို့ ရောက်လာသောဒေသအသီးသီးမှ လူငယ်များသည် နိုင်ငံကိုအကျိုးပြုမည့်သူ၊ အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ခေါင်းဆောင်နိုင်မည့်သူများ ဖြစ်လာ မည်ဟု မျှော်မှန်းထားကြောင်း ကျောင်းတည်ထောင်သူဆရာတော် အရှင်ပညာဝရကမိန့်ကြားသည်။

လူငယ်များကို အကျင့်စာရိတ္တကောင်းမွန်၊ ဘာသာတရားရိုသေကိုင်းရှိုင်း၊ ယဉ်ကျေးလိမ္မာ သူများ ဖြစ်လာကြစေရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးရန် ရည်ရွယ်ထားသည်ဟု ဆရာတော်က ဆက်ပြီးမိန့်ကြားသည်။

အစိုးရအထက်တန်းကျောင်း ပြဋ္ဌာန်းချက်များအတိုင်းပို့ချမည်ဖြစ်သော်လည်းဘာသာရေးနှင့် စာပေဆိုင်ရာအသိအမြင် မြင့်မားလာစေရေးအတွက် လုပ်ဆောင်ရန်လည်း စဉ်းစားထားကြောင်း ကျောင်းတည်ထောင်ရေးတွင် ပါဝင်ဆောင်ရွက်နေသော မဘသအဖွဲ့ ဦးဆောင်ဆရာတော် တစ်ပါး ဖြစ်သူ ဒေါက်တာအရှင်သောပါကထံမှ သိရသည်။

“သူများဘာသာတွေနဲ့ ပတ်သက်လို့တော့ ပြောမှာမဟုတ်ဘူး။ ကိုယ့်ဘာသာအကြောင်းကိုပဲ အလျဉ်းသင့်သလိုပြောဆိုဟောကြားမှာ၊ လေ့ကျင့်ပေးမှာ”ဟု ဆရာတော်ကမိန့်သည်။

ကြီးကြပ်အုပ်ချုပ်ရေး၊ သင်ကြားရေးတို့အတွက်  ဆရာ၊ ဆရာမ ၈ ဦးတာဝန်ပေးထားကြောင်း၊ အားကစား၊ စိုက်ပျိုးရေး၊ ကွန်ပျူတာတို့ကိုလည်း အလျဉ်းသင့်သလိုသင်ကြားပေးမည်ဖြစ်ကြောင်း ၆၅ နှစ်အရွယ် ကျောင်းအုပ်ကြီးဦးလှထွန်းကပြောသည်။

“ကျောင်းကမဘသဆရာတော်တွေ တည်ထောင်တယ်ဆိုပေမယ့် သင်ကြားရေးနဲ့ စီမံခန့်ခွဲမှု က ကျွန်တော်တို့မူဝါဒအတိုင်းပဲလုပ်မှာပါ။ ဓမ္မကျောင်းတွေလိုဘာသာရေးအတွက် သင်ကြားမှာလည်း မဟုတ်ဘူး” ဟုပညာရေးဌာနဒုညွှန်ကြားရေးမှူးဟောင်းဦးလှထွန်းကပြောသည်။

“ကျွန်တော့်အနေနဲ့ နိုင်ငံရေးလည်းမသိဘူး။ အမျိုးသားရေးလည်းနားမလည်ဘူး။ ကျွန်တော် သိတာက ကျွန်တော့်ကျောင်းသားကျောင်းသူတွေ ထူးချွန်ထက်မြက်ရေးပဲ”

အုပ်ထိန်းသူတို့၏အသံ

          မဘသအဖွဲ့သည် မကြာသေးခင်ကပေါ်ပေါက်ခဲ့သောအငြင်းပွားဖွယ် မျိုးစောင့်ဥပဒေများ ပေါ်ပေါက်လာရေးတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သူများဖြစ်သည်။ မဘသဆရာတော် တချို့က ပြည်သူအများအပြားထောက်ခံသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၂၀၁၀ ရွေးကောက် ပွဲကာလအတွင်း ဆန့်ကျင်သည့် အရိပ်အယောင် ပြခဲ့သော်လည်းထိုပါတီ၏ ရွေးကောက်ပွဲ အနိုင်ရရှိမှုကို သတိဖြင့် ကြိုဆိုခဲ့ကြသည်။

မဟော်သဓာတွင် ကျောင်းတက်ခွင့်ရသူတချို့၏ မိဘများကမူမဘသ ဆရာတော်များ တည်ထောင်သည့် ထိုကျောင်းတွင် ကလေးများ အကျင့်စာရိတ္တကောင်းမွန်ပြီး လိမ္မာယဉ်ကျေးသူများ ဖြစ်လာရေးအတွက် စိတ်ချရမည်ဟုပြောကြသည်။

“ကျွန်မကလေးကိုလည်း ဘဝရှေ့ရေးရော၊ အမျိုးဘာသာသာသနာကိုရော အလေးထားစေ ချင်တယ်” ဟုမန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ စံပြသိန်ဂုံးရွာမှ ၄၆ နှစ်အရွယ် ဒေါ်ခင်ဌေးကြည်က ပြောသည်။

သူ၏ ၁၃ နှစ်အရွယ် သားဖြစ်သူမောင်သုထက်ဦးသည် “သာသနာကိုမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်တတ်တဲ့သူ”  ဖြစ်လာမည်ဟုမျှော်လင့်ကြောင်းသူကဆက်ပြောသည်။

မွန်ပြည်နယ်၊ သိပ်ဇရပ်မှ ၂၅ နှစ်အရွယ် မူလတန်းပြကျောင်းဆရာမ ဒေါ်ချိုသာခိုင်က မဟော်သဓာရောက် ကလေးများသည် ဘာသာရေးအသိ ပိုကြွယ်ဝလာလိမ့်မည်ဟုမျှော်လင့်နေသည်။

ငယ်စဉ်ကတည်းက မိဘမဲ့ဖြစ်သွားသော တူဖြစ်သူကိုအိမ်တွင် ဘာသာရေးအပါအဝင် သွန်သင် ဆုံးမစရာရှိသည်များကို သင်ကြားပေးခဲ့သည်ဟု သူက ဆိုသည်။

“အမျိုးချစ်စိတ်က ဘုန်းဘုန်းတွေ သင်ပေးတာက ပိုကောင်းတယ်လေ၊ ငယ်စဉ်ကတည်းက သင်ပေးဖို့ လိုတယ်” ဟု ဒေါ်ချိုသာခိုင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required