တံစိုးလက်ဆောင် လုံးဝမပေးယူမှု မူဝါဒကို တယ်လီနော စတင်ကျင့်သုံး

တံစိုးလက်ဆောင် လုံးဝမပေးယူမှု မူဝါဒကို တယ်လီနော စတင်ကျင့်သုံး

ရန်ကုန်၊ ဇွန် ၁ ။                ။ တယ်လီနောမြန်မာလီမိတက်သည် လုပ်ငန်းဆောင်ရွက်မှုများတွင် ဖြော့င်မတ်မှုနှင့် ကျင့်ဝတ်သိက္ခာရှိမှု အမြင့်ဆုံး စံညွှန်းရှိစေရေး လက်ရှိ ဆောင်ရွက်ချက်များကို ထပ်မံအားဖြည့်မှုအဖြစ် တံစိုးလက်ဆောင် လုံးဝမပေးယူမှု မူဝါဒကို စတင်ကျင့်သုံးမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

“တယ်လီနောအနေနဲ့ လာဘ်ပေးလာဘ်ယူ ချစားမှုကို လုံးဝသည်းခံမှုမရှိတဲ့ ရပ်တည်ချက်ရှိပြီး ဒီစည်းမျဉ်း စည်းကမ်းတွေကို တယ်လီနောရဲ့ လုပ်ငန်းဆောင်တာအဝဝမှာ အပြည့်အဝ လိုက်နာ ကျင့်သုံးမှုရှိကြောင်း သေချာစေဖို့ ကျနော်တို့ရဲ့ ဝန်ထမ်းတွေနဲ့ အတူတကွ ပူးပေါင်းပြီး ဆောင်ရွက်ပါတယ်။ ပွင့်လင်းတဲ့ ထင်သာ မြင်သာရှိတဲ့ လာဘ်ပေးလာဘ်ယူမှု ကင်းတဲ့ အလုပ်ခွင်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေဖို့ရာ ကျနော်တို့ရဲ့ စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အခုလို မူဝါဒစတင်နိုင်မှု အတွက် ဂုဏ်ယူမိပါ တယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg က ထုတ်ပြန်ပြောကြားခဲ့သည်။

အဆိုပါမူဝါဒအရ တယ်လီနောဝန်ထမ်းများသည် လုပ်ငန်းတွဲဖက်လုပ်ကိုင်သူများနှင့်အစိုးရ ဝန်ထမ်းများကို တံစိုးလက်ဆောင်ပေးအပ်ခြင်း သို့မဟုတ် ယင်းတို့ထံမှ တံစိုးလက်ဆောင် လက်ခံရယူခြင်းအား တားမြစ်ထားပြီး ကုမ္ပဏီ အမှတ်အသားပါ လက်ဆောင်ပစ္စည်းများပေးအပ်ခြင်းရယူခြင်းနှင့် လုပ်ငန်းအဖွဲ့အစည်းဆိုင်ရာ အခမ်းအနားများအတွက်ကိုမှု မူဝါဒတွင်ပါရှိသော အထူးသတ်မှတ်ချက်များနှင့် ကိုက်ညီပါက ဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ယင်းမူဝါဒကို တယ်လီနော၏ ဝက်ဆိုက်ဒ် www.telenor.com.mm တွင် ဝင်ရောက်ဖတ်ရှုနိုင်ပြီး တယ်လီနော၏ ရုံးအသီးသီးတွင်လည်း ပိုစတာများဖြင့် ဖြန့်ဝေထားမည်ဖြစ်ကြောင်း သိရသည်။   

“အစိုးရယန္တရားအတွင်းမှာ လာဘ်ပေးလာဘ်ယူမှုကို ကာကွယ်ဖို့ မူဝါဒအသစ်တွေကို မြန်မာနိုင်ငံအစိုးရ ကလည်း မကြာသေးခင်က ချမှတ်ထားပါတယ်။ မြန်မာနိုင်ငံမှာ လာဘ်ပေးလာဘ်ယူမှုတွေကို လျော့နည်း ပပျောက် စေမယ့် အစိုးရရဲ့ မူဝါဒတွေကို အထောက်အကူဖြစ်စေဖို့ တယ်လီနောအနေနဲ့ အခြားစီးပွားရေး လုပ်ဖော်ကိုင်ဖက်တွေ လူမှုအဖွဲ့အစည်းတွေနဲ့ ဆက်လက်ပြီး တတ်တက်ကြွကြွ ပူးပေါင်းလက်တွဲ လုပ်ဆောင် သွားမှာဖြစ် ပါတယ်” ဟု Mr.Furberg က မဇ္ဈိမကို ပြောသည်။

ပွင့်လင်းမှု ထင်သာမြင်သာရှိမှုတို့အပေါ် အခြေခံချမှတ်ထားသော အဆိုပါမူဝါဒသည် လုပ်ငန်းဆောင်ရွက်ရာတွင် ဖြစ်ပေါ်နိုင်သည့် အကျိုးစီးပွား ဝိရောဓိဖြစ်ခြင်းကို ရှောင်လွှဲရန် ဝန်ထမ်းများကို အထောက်အကူ ပြုမည်ဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။

တယ်လီနောအနေနှင့် အကျင့်ပျက်ခြစားမှုပုံစံအားလုံးကို ပြင်းထန်စွာ ဆန့်ကျင်၍ လုပ်ငန်းဆောင်ရွက်မှုများကို ကျင့်ဝတ်သိက္ခာစံနှုန်းအမြင့်မားဆုံးနှင့် ကိုက်ညီစွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကုမ္ပဏီ၏ ရပ်တည်ချက်နှင့် ကျင့်ဝတ်သိက္ခာစံနှုန်းများကို ကျင့်ဝတ် စည်းမျဉ်းစည်းကမ်းနှင့် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး မူဝါဒများတွင် ထည့်သွင်းဖော်ပြထားသည်။ ထို့အပြင် တယ်လီနောနှင့် လက်တွဲဆောင်ရွက်သည့်လုပ်ငန်းများသာမက တယ်လီနောသို့ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု ပေးအပ်သူများအားလုံးသည်လည်း တယ်လီနော၏ လုပ်ငန်းလက်တွဲဖော်များအတွက် ကျင့်ဝတ်စည်းမျဉ်းများကို လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly