ယူရိုပြိုင်ပွဲသို့ အကြမ်းဖက်သမားများ လာရောက်လိမ့်မည်ဟု အမေရိကန်အစိုးရ သတိပေး

ယူရိုပြိုင်ပွဲသို့ အကြမ်းဖက်သမားများ လာရောက်လိမ့်မည်ဟု အမေရိကန်အစိုးရ သတိပေး

ဇွန် ၁၊ အမေရိကန် ။                ။ မကြာမီကျင်းပပြုလုပ်တော့မည့် ယူရို ၂၀၁၆ ပြိုင်ပွဲသို့ ပရိသတ်များအဖြစ် အကြမ်းဖက်သမားများလာရောက်နိုင်ကြောင်း အမေရိကန်အစိုးရက သတိပေး ပြောဆိုလိုက်သည်။

ယူရို ၂၀၁၆ ပြိုင်ပွဲကို ဇွန်လ ၁၀ ရက်နေ့မှ ဇူလိုင်လ ၁၀ ရက်နေ့အထိ ပြင်သစ်နိုင်ငံရှိ အားကစားကွင်းကြီး ၁၀ ကွင်းတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

ထိုပြိုင်ပွဲသို့ ပရိသတ်ပေါင်း ၂ သန်းခွဲခန့် ကွင်းအတွင်းလာရောက်ကြည့်ရှုကြမည်ဟု ခန့်မှန်းထားပြီး ဥရောပတစ်လွှားမှ အသင်းကြီးများကြောင့် နိုင်ငံခြားပရိသတ် ၁ သန်းခန့်လာရောက်လိမ့်မည်ဟု ခန့်မှန်ထားသည်။

ယူရိုပြိုင်ပွဲမတိုင်မီ ပြင်သစ်နိုင်ငံပဲရစ်မြို့တွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၁၃၀ ကျော် သေဆုံးခဲ့ရသလို ပြင်သစ်၏ အိမ်နီးချင်း ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင်လည်း အသေခံဗုံးခွဲသမားများကြောင့် လူ ၃၂ ဦး သေဆုံးခဲ့ရသည်။

ထို့ကြောင့် ပြင်သစ်အစိုးရက ယူရိုပြိုင်ပွဲကြီး လုံလုံခြုံခြုံနှင့် အောင်မြင်စွာကျင်းပနိုင်ရန် လုံခြုံရေးအင်အား ၉ သောင်းဖြင့် ထိန်းသိမ်းစောင့်ကြည့်သွားမည်ဟု ကြေညာထားသည်။

ထိုကဲ့သို့ ကြေညာထားသော်လည်း အမေရိကန်အစိုးရက ယူရိုပြိုင်ပွဲသို့ သွားရောက်အားပေးမည့် အမေရိကန်နိုင်ငံသားများနှင့် တာဝန်ရှိသူများအားလုံးကို သတိပေးလိုက်ခြင်း ဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly