ရနောင်းလူသတ်မှုတွင် မြန်မာလုပ်သားလေးဦး ဖမ်းခံရမှု မြန်မာလူ့အခွင့်ရေးကော်မရှင်က ထိုင်းအစိုးရကို စာပို့မည်

ရနောင်းလူသတ်မှုတွင် မြန်မာလုပ်သားလေးဦး ဖမ်းခံရမှု မြန်မာလူ့အခွင့်ရေးကော်မရှင်က ထိုင်းအစိုးရကို စာပို့မည်

ရန်ကုန်၊ မေ ၃၀ ။              ။ ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည် ရနောင်းလူသတ်မှုကို မြန်မာရွှေ့ပြောင်းလုပ်သား လေးဦးဖမ်းဆီးခံထားရခြင်းကို  မြန်မာနိုင်ငံလူအခွင့်အရေး ကော်မရှင်က ထိုင်းအစိုးရထံ စာပို့မည်ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ပညာရေး နှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က မဇ္ဈိမကိုပြောသည်

“ကျွန်တော်တို့  မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ ပတ်သက်ပြီး အရမ်းကိုနစ်နာတယ်။ အဲဒါတွေကို ထိုင်းလူအခွင့်ရေးကော်မရှင်နဲ့  မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကို  အဓိကဆွေးနွေးတယ်” ဟု ၎င်းကပြောသည်။
 
ကမ္ဘာကျော် လိပ်ကျွန်းလူသတ်မှုနှင့် အလားသဏ္ဍန်တူနေသည့် ရနောင်းလူသတ်မှု ခေါင်းစဉ်ဖြင့် သတင်းစာရှင်းလင်းပွဲကို မေ ၃၀ ရက်က ရန်ကုန်မြို့ Orchid ဟိုတယ်တွင် ပြုလုပ်ကျင်းပခဲ့သည်။

ယင်းအပြင် ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေး၊ နစ်နာဆုံးရှုံးမှုများကိစ္စများ ဆွေးနွေးရန် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ပညာရေး နှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း တာဝန်ရှိသူများနှင့် အလုပ်သမားဝန်ကြီးဌာနတို့ နေပြည်တော်တွင် ဇွန် ၁၅ရက်၌ တွေ့ဆုံရန် ရှိနေသည်။

၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် ထိုင်း- မြန်မာနယ်စပ်မြို့ ရနောင်းခရိုင်၊ စွိုင်လုကျင်းရပ်ကွက်တွင် နေထိုင်သည့် မအက်ပဲလ် (ခ) အိပုတ် အသက် (၁၆)နှစ် အရွယ် ထိုင်းအထက်တန်း ကျောင်းသူ အသတ်ခံရမှုတွင် မြန်မာရွှေ့ပြောင်းလေးဦးကို ရနောင်းအခြေစိုက် ထိုင်းရဲတပ်ဖွဲ့များက တစ်လကြာ စုံစမ်းစစ်ဆေးကာ ဖမ်းဆီးထားခြင်းဖြစ်သည်။

ယင်းသတင်းစာရှင်လင်းပွဲတွင် “လိပ်ကျွန်းလူသတ်မှုတုန်းကလည်း မြန်မာအလုပ်သမား နှစ်ဦးကို သေဒဏ်ချမှတ်လိုက်တယ်။ အလားတူ အခုအမှုမှာလည်း ထိုင်းရဲဘက်က အဲ့လိုလုပ်မှာကို စိုးရိမ်ပါတယ်။ အမိန့်မချခင်အချိန်မှာ မြန်မာအစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်”ဟု ဦးထူးချစ်က ပြောသည်။

လာမည့် ဇွန်လ ၂၉ရက်ရက်တွင် အမှုရင်ဆိုင်ရမည်ဖြစ်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားများဘက်မှ သက်သေ ၂၉ဦး ထွက်ဆိုရန် ပြင်ဆင်ထားသည်။ ယင်းအမှုကို လူ့အခွင့်အရေးကော်မရှင်က တရားဥပဒေအရ ကူညီသွားမည်ဟု သိရသည်။

အမှု နှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူဟု ယူဆထားသူ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား (လှေလုပ်သား) မောင်မိုးဇင်အောင် အသက်(၁၆) နှစ်၊ ကျော်စိုးဝင်း (၁၅) နှစ်၊ မောင်စိန်ကတုံး အသက် (၂၃)၊ မောင်ဝေလင်း (ခ)ဇော်လေး (၂၁) တို့လေးဦးကို ရနောင်းမြို့မှ ကူရဘူရီမြို့တွင် ထိုင်းရဲများက အမှုစစ်ဆေးခဲ့သည်။

၎င်းတို့လေးဦးအနက် မောင်ကျော်ဝင်း၊ မောင်မိုးဇင်အောင်တို့သည့် အသက်မပြည့်သောကြောင့် ထိုင်းနိုင်ငံ လူငယ်လေ့ကျင်းရေးကျောင်းတွင် ထိန်းသိမ်းခံရထားရသည်။ သေဆုံးသူ ထိုင်းကျောင်းသူသည် မှုခင်းရဲတပ်ဖွဲမှ အတည်ပြုချက်အရ ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၈ ရက်နေ့ ည၇နာရီခွဲတွင် သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required