လာမည့်နွေရာသီ လျှပ်စစ်မီးမပြတ်တောက်စေရန် ကြိုးပမ်းမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော

လာမည့်နွေရာသီ လျှပ်စစ်မီးမပြတ်တောက်စေရန် ကြိုးပမ်းမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော
(ဓာတ်ပုံ- ခင်မြတ်မြတ်ဝေ)

ရန်ကုန်၊ မေ ၃၁ ။                ။ လျှပ်စစ်နှင့် ပတ်သက်၍ လာမည့်နွေရာသီတွင် ပြည်သူလူထုအား အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က   ပြောသည်။

မေလ ၃၁ရက်နေ့က ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ဘက်က အစွမ်းကုန်ကြိုးစားနေပါတယ်။ လာမယ့်နွေရာသီမှာ ပြည်သူလူထုကို အကောင်းဆုံး   ဝန်ဆောင်မှု ပေးနိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း အသိပေးလိုပါတယ်"ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်တိုင်းအတွင်း လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ခြင်း ကိစ္စများ၊ လျှပ်စစ်ဓာတ်အားပေးရေးကိစ္စ စီစဉ် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ သတင်းမီဒီယာများအားခေါ်ယူ ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နွေရာသီက ရာဦဥတု ပူပြင်းမှုများကြောင့် မြေအောက်ဓာတ်အားလိုင်းများ ပေါက်ပြဲ ပြတ်တောက်ခြင်း၊ ကောင်ကင်ဓာတ်အားလိုင်းများပေါ်သို့ သစ်ပင်သစ်ကိုင်းများ ကျိုးကျခဲ့ခြင်းတို့ကြောင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အတော်များများတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ပြီး လျှပ်စစ်ဓာတ်အား မလောက်ငှ၍ မဟုတ်ကြောင်း ရှင်းပြသည်။

လက်ရှိတွင် အဆိုပါ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မြေအောက်ဓာတ်အားလိုင်းများနှင့် ကောင်းကင် ဓာတ်အားလိုင်းများ ပြန်လည် ပြင်ဆင်သည့်နေသည့်အချိန်ဖြစ်ပြီး လက်ရှိအချိန်တွင်လည်း   နေရာအလိုက်၊ အချိန်အလိုက် လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုများ ပြုလုပ်ရဦးမည် ဖြစ်သည့်အတွက် မီးပြတ်တောက်မှုများ ဖြစ်ပေါ် နေဦးမည်ဖြစ်ကြောင်းလည်း သိရသည်။

"ရက် ၁၀၀ စီမံကိန်းမှာ ခရိုင် ၄ ခရိုင်မှာ ၂၀၀ KV ထရမ်စဖော်မာ ၁၈၇ လုံး တပ်ဆင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တကယ် တင်ထားတဲ့ဟာက အလုံး ၁၅၀လုံးပါ။ ဒါက ကျွန်တော် လုပ်နိုင်တယ်ဆိုပြီးတော့ ပိုပြီးတော့မှ ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ ဒီ ၁၅၀ ကတော့ ရက် ၁၀၀ အတွင်းမှာ ပြီးစီးအောင်လုပ်မှာ ဖြစ်ပါတယ်"ဟု ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးမောင်မောင်လတ်က ရှေ့ ဆက် လုပ်ဆောင်မည့် အစီအစဉ်များကိုရှင်းလင်းပြောကြားစဉ် ထည့်သွင်းပြော ကြားသွားသည်။

အဆိုပါ ၁၈၇ လုံးအား အရှေ့ပိုင်းခရိုင်တွင် (၄၉)လုံး၊ အနောက်ပိုင်းခရိုင်တွင် (၆၆)လုံး၊တောင်ပိုင်း ခရိုင် တွင် (၂၀)လုံး၊ မြောက်ပိုင်းခရိုင်တွင် (၅၂)လုံး တပ်ဆင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား သုံးစွဲမှုပမာဏ ၁၁၅၀ မီဂါဝပ်ရှိပြီး ယင်းပမာဏသည် တစ် နိုင်ငံလုံး သုံးစွဲသည့်ပမာဏ၏ ထက်ဝက်ကျော်ခန့်ရှိကြောင်းလည်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required